သရက် ဧပြီ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ငွေလုံး ငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၃၃ ဒသမ ၄၄ သန်း အသုံးပြုကာ ကျေးရွာ ရှစ်ရွာ၌ သောက်သုံးရေ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေကျပ် ၇၁ ဒသမ၃၆ သန်းဖြင့် ဆင်သေကျေးရွာ၌ အကျယ် နှစ်လက်မ၊ အရှည်ပေ ၁၅၀၀ ရှိ မြစ်ရေတင်လုပ်ငန်း၊ အင်ဂျင်၊ပန့်ဖြင့် ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ပွန်တွန်းတည်ဆောက်ခြင်း၊ ဂါလန် (၅၀၀၀)ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊မြင်ဘာကျေးရွာ၌ အကျယ် နှစ်လက်မ၊ အရှည်ပေ ၂၅၀၀ မြစ်ရေတင်ခြင်းလုပ်ငန်း၊ အင်ဂျင်၊ပန့်ဖြင့် ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ပွန်တွန်းတည်ဆောက်ခြင်း၊ ဂါလန်(၅၀၀၀)ဆံ့အုတ်ရေကန်တည်ဆောက်ခြင်း၊အုတ်ဖိုကျေးရွာ၌ အကျယ်ပေ လေးလက်မ၊ အနက်ပေ ၅၀၀ စက်ရေတွင်းတူးဖော်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ ဂါလန်(၂၄၀၀)ဆံ့ရေစင်၊ရေစင်အောက်တွင် ပါဝါမီတာအခန်းဖွဲ့ခြင်း၊ မြို့လှကျေးရွာ၌ ရေဂါလန်(၂၄၀၀)ဆံ့စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် ၆၂ ဒသမ ၀၈ သန်းဖြင့် ကျောက်မဲကျေးရွာ၌ အကျယ် နှစ်လက်မ၊ အရှည်ပေ ၁၀၀၀ မြေသားရေကန်မှ အင်ဂျင်၊ပန့်ဖြင့် ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ဂါလန်(၂၄၀၀)ဆံ့စင်မြင့် ရေစင်တည်ဆောက် ခြင်း၊ တုတ်ကိုင်းကျေးရွာ၌ အကျယ် လေးလက်မ၊ အနက်ပေ ၅၀၀ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ဂါလန်(၂၄၀၀)ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်း၊ကတက်ပင်ကျေးရွာ၌ ကုဗပေ ၁၃၈၄၀၀ မြေသားရေကန်တိုးချဲ့ဆောင်ရွက်ခြင်း၊ တဇီးကောက်(ရ)ကျေးရွာ၌ ကုဗပေ ၁၄၆၀၀၀ မြေသားရေကန်တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သရက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်က ပြောပြ၍ သိရသည်။
“ ကျွန်တော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့တော့ ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ သောက်သုံးရေ ရှားပါးနိုင်တဲ့ ကျေးရွာတွေကိုတော့ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲရေးကော်မတီတွေနဲ့ ဦးစားပေး အလိုက် ရွေးချယ်ပြီး ရေရှားပါးနိုင်မှု မရှိစေရေး ကြိုးစားဆောင်ရွက် နေပါတယ်လို့ ” မြို့နယ် ဦးစီးမှူး ဦးမင်းဇော်ဟန်က ဆက်လက်ပြောပြသည်။
ကိုလှိုင်(ကျေးလက်)


