သထုံ   ၃၀    စက်တင်ဘာ  

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ Quatantine Centre များမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာသည့် မိသားစုများအတွက် Stay at Home နေထိုင်ရမည့် ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရေးအတွက် တာဝန်ရှိသူများနှင့် အလှူရှင်များပူးပေါင်းကာ စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက အခြေခံစားသောက်ကုန်များ၊ ထောက်ပံ့ငွေများပေးအပ်ပြီး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သထုံမြို့နယ်အတွင်း Stay at home နေထိုင်သူများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်၊ သထုံခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေး၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သတ်၍ ကူညီထောက်ပံ့နိုင်ရန် မြို့မြို့ဖများ၊ အလှူရှင်များတို့ဖြင့် ပူး‌ပေါင်းဖွဲ့စည်းထားသည့် ကွက်လပ်‌လေးတွေဖြည့် အဖွဲ့ဝင်များတို့က stay at home နေထိုင်သူများရှိရာ အောက်ကျင်းရပ်ကွက်၊ ထောင်မှုးကျေးရွာ၊ ကြာပန်းကျေးရွာနှင့် ဒူးရင်းဆိပ်ကျေးရွာတို့သို့ သွားရောက်ကာ ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ၊ အာလူး စသည့် အခြေခံစားသောက်ကုန်များနှင့် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁၀၀၀ဝ စီကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် နေအိမ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျနေထိုင်ရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

 

သထုံမြို့နယ်အတွင်း stay at home နေထိုင်ရန် သတ်မှတ်ထားသည့် အိမ်ထောင်စုပေါင်း ၂၃ စု ရှိပြီး အဆိုပါနေ့တွင် အိမ်ထောင်စု ၁၈ စုထောက်ပံ့ခဲ့ကာ ကျန်ရှိအိမ်ထောင်စုများကို ဆက်လက်လက် ထောက်ပံ့သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

သက်ဦး(သထုံ)