သထုံ ၂၄ ဇွန်
မွန်ပြည်နယ်အတွင်း စားနပ်ရိက္ခာဖူလုံရေး အထောက်အကူပြု ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းသင်တန်း အမှတ်စဉ်(၇/၂၀၁၉)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် သထုံမြို့ ငါးလုပ်ငန်းသင်တန်းကျောင်း(သထုံ)၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယပြည်နယ်မှူးဦးစိုးမင်းက တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနူစ် စာရင်းအရ ငါးမွေးမြူသူ ၁၅၇ ဦးနှင့် ငါးကန်ဧကစုစုပေါင်း ၁၀ဝ၀.၉၂ ဧက ရှိကြောင်း သိရသော်လည်း အမှန်တကယ် မွေးမြူထုတ်လုပ်မူ အားနည်းနေသေးကြောင်း၊ ထို့ကြောင့် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာစေရန် ယခုသင်တန်း တက်ရောက်လာသူများမှတစ်ဆင့် မိမိတို့ဒေသအတွင်း စည်းရုံးဆောင်ရွက်ပေးကြရန် ပြောကြားသည်။
အဆိုပါသင်တန်းကို ဇွန် ၂၄ ရက်မှ ၂၆ ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ ၃၂ ဦးအား နေထိုင်၊စားသောက် စားရိတ်ငြိမ်းဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူများ၊ ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ ငါးမွေးမြူရေးကို စိတ်ပါဝင်စားသူများအား ငါးအကြောင်းသိကောင်းစရာများ၊ ငါးကန်တူးဖော်ခြင်းနှင့် ကန်ပြင်ဆင်ခြင်း၊ ကန်အရည်အသွေးပြုပြင်ခြင်း၊ ငါးမှုန်/ငါးသန်/မျိုးငါး အစာကျွေးခြင်းနည်းစနစ်၊ ငါးမှုန်/ငါးသန် ပြုစုမွေးမြူခြင်း၊ သဘာဝငါးသယံဇာတများအကြောင်းကို မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ကျွမ်းကျင်သူ သင်တန်းဆရာ၊ဆရာမ ၄ ဦးက စာတွေ့၊လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မာမာခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဇော်လင်းထွဋ်၊ ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး လ/ထ ညွှန်မှူးဦးကျော်ဇော နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
ခွန်(ဝင်းပ)