သထုံ ဧပြီ  ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ  ရေရှားပါးသည့်နေရာများကို အလှူရှင်များကိုယ်စား တစ်ရက်လျှင် သောက်သုံးရေဂါလံပေါင်း ၂၀၀၀၀ ဝန်းကျင်ခန့်အား နေ့စဉ်လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ သိရသည်။

"ဒီနှစ်က စက်သုံးဆီအခက်အခဲပေါ့၊ လျှပ်စစ်မီးကလည်းမမှန်တော့ ရေဖြည့်တာကအစစက်နဲ့ မောင်းပြီးဖြည့်နေရတယ်၊ ရေလှူဖို့အတွက် အဓိကလိုတဲ့စက်သုံးဆီကို အလှူရှင်တွေကလှူတယ်၊ အသင်းကတော့ လူအား ယာဉ်အားတွေကို စေတနာအပြည့်နဲ့ ကြိုးစားပြီး လိုက်လှူပေးတာပါ၊ ဒီမြို့က ရေလိုတဲ့ ဘယ်နေရာဖြစ်ဖြစ် ဖုန်းဆက်အကြောင်းကြားရင် ရောက်အောင်သွားလှူပေးတာပါဘဲ" ဟု အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

အကြင်နာတွဲလက်လူမှုကူညီရေးအသင်းအနေဖြင့် မတ်လ ဒုတိယပတ်မှစတင်ကာ သထုံမြို့နယ် အတွင်းရှိ ပိတောက်မြိုင်၊ မွန်စု၊ လိပ်အင်းကွက်သစ်၊ ကျောက်လုံးကြီး၊ ကော့သန်၊ သမီးတော်ကုန်း၊ ကန်ညီနောင်၊ ဘူတာ၊ နန်းခဲကွက်သစ်အစရှိသည့် သောက်သုံးရေအခက်အခဲဖြစ်ရာနေရာများရှိ ပြည်သူများထံအရောက် ရေဖြန့်ဝေလှူဒါန်းပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်း များတို့သို့ သောက်သုံးရေဖြည့်ပေးခြင်းတို့ကို နေ့စဉ်ဆောင်ရွက်ပေးနေကြောင်း တစ်ရက်လျှင် အသင်း ပိုင်ရေသယ်ယာဉ်များဖြင့် အနည်းဆုံး ၁၀ ခေါက်ခန့် ရေဂါလံပေါင်း ၂၀၀၀၀ ဝန်းကျင်ခန့်အား လိုက်လံ လှူဒါန်းပေးနေရကြောင်း သိရသည်။

သထုံမြို့နယ်တွင် ပြီးခဲ့သည့်မတ်လဆန်းပိုင်းမှစတင်ကာ ရေတွင်းရေကန်များ ခန်းခြောက်ပြီး ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရာ မြို့ပေါ် ပရဟိတအသင်းအဖွဲ့များဖြစ်သည့် အဖြူရောင်နှလုံးသားလူမှုကူညီရေး အသင်း၊ အနှိုင်းမဲ့မေတ္တာအသင်း၊ အကြင်နာတွဲလက်အသင်း၊ သက်တံ့ရောင်စဉ်အသင်း၊ ရှင်သန်ခြင်း တွဲလက်အသင်း စသည့်လူမှုကူညီရေးအသင်းအဖွဲ့များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့အစရှိသည့် ဌာနဆိုင်ရာများကလည်း စဉ်ဆက်မပြတ် လိုက်လံလှူဒါန်းပေးလျှက်ရှိကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)