သထုံ ၁၀ မေ
ယခုနှစ် နွေရာသီနှောင်းပိုင်းကာလ၌ အပူရှိန်ပြင်းသောကြောင့် ကွမ်းရွက်အထွက်နှုန်း ထက်ဝက်ခန့် လျော့ကျခဲ့ရာ ကွမ်းစိုက်ပျိုးသူများ အခက်တွေ့ကြရကြောင်း မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ ဒေသခံ ကွမ်းစိုက်တောင်သူများထံမှ သိရသည်။
အပူရှိန်ပြင်းပြီး ရေတွင်းရေကန်များ ခန်းခြောက်ကာ စိုက်ပျိုးရေ လုံလောက်စွာ မရတော့သည့်အတွက် ကွမ်းပင်များ နွမ်းခြောက်သေဆုံးခြင်း၊ အရွက်ထွက်နှုန်းများ ကျဆင်းခြင်းများ ဖြစ်ပေါ်နေကြောင်း သထုံမြို့နယ်၊ နောင်ဘိုကျေးရွာမှ တောင်သူ ဦးမောင်ဌေးက ပြောသည်။
"ဒီမှာက လူတွေအတွက် သောက်သုံးရေရဖို့တောင် ခက်နေတာ အပင်အတွက်ဆို ပိုပြီး အဆင်မပြေဘူး။ ကွမ်းက အရွက်နုတွေ ကောင်းကောင်းမထွက်တော့ဘူး ပြီးခဲ့တဲ့နှစ်ဆို ရေခုလောက် မပြတ်တော့ ဒီလောက် မဖြစ်ခဲ့ဘူး။ ခုကရေမရတော့ ကွမ်းတွေက တစ်ပင်လုံး နွမ်းပြီး လာမယ့်မိုး ပြန်ရှင်ဖို့တောင် မလွယ်ဘူး" ဟု ဦးမောင်ဌေးက ပြောသည်။

ယခင်နှစ်က ကွမ်းတိုင် ၁၀ဝ၀ စိုက်ပျိုးထားပါက ကွမ်းရွက်ပိဿာချိန် ၉၀၊ ၁၀ဝ ခန့်ထွက်ပြီး ယခုနှစ်တွင် ကွမ်းတိုင် ၂၀ဝ၀ စိုက်ပျိုးပါမှ ကွမ်းရွက်ပိဿာချိန် ၈၀ ကျော် ၉၀ ခန့်သာ ထွက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ယခုနှစ် ကွမ်းရာသီအစ ဒီဇင်ဘာလတွင် သထုံဒေသထွက် ယာကွမ်းတစ်ပိသာလျှင် ကျပ် ၁၀ဝ၀ ခန့်၊ အခြားရောရာကွမ်းရွက်တစ်ပိသာလျင် ကျပ် ၄၀ဝ ခန့်သာရှိပြီး ဝယ်သူမရှိသေလာက် ဖြစ်ခဲ့ရသည့်အပြင် ဧပြီလနှင့် မေလအတွင်း အပူဒဏ်ကြောင့် ကွမ်းအထွက် မကောင်းတော့သည့်အတွက် မေလ ဒုတိယအပတ်မှ စတင်ကာ ဈေးပြန်လည်မြင့်တက်လာပြီး ယာကွမ်းတစ်ပိသာလျင် ကျပ် ၂၅၀ဝ ထိ ဈေးရလာကြောင်း တောင်သူများထံမှ သိရသည်။

သထုံဒေသထွက် ကွမ်းရွက်များအား ဒေသတွင်း စားသုံးမှုအပြင် ရန်ကုန်၊ ပဲခူး၊ လွိုင်ကော်၊ တရုတ်ဘက်သို့ တင်ပို့ရောင်းချကြကြောင်း၊ ဒေသတွင်း ကွမ်းခြံအများစုမှာ ယခုနှစ် မိုးကာလ၌ အသေအပျက်များခဲ့ခြင်း၊ နွေကာလတွင် အပူရှိန်ပြင်းပြီး ရေပြတ်လပ်သဖြင့် အထွက်နှုန်း ထက်ဝက်ခန့်လျော့ကျခြင်းနှင့်အတူ မျှော်လင့်သလောက် ဈေးကောင်းမရခြင်းတို့ကြောင့် တောင်သူများမှာ လက်ရှိငွေကြေးအခက်အခဲများနှင့် လာမည့်မိုးကာလ ကွမ်းစိုက်ရာသီတွင် ကွမ်းသစ်များပြန်လည် ထူထောင်ရန် အရင်းအနှီးတို့အတွက် အခက်တွေ့နေကြရကြောင်း ကွမ်းတောင်သူများထံမှ သိရသည်။
သက်ဦး(သထုံ)