မြိတ် ၂၄ ဇူလိုင်
တနင်္သာရီကမ်းရိုးတန်း ကမ်းနီးရေပြင်တွင် မိရိုးဖလာ ကမ်းနီးငါးဖမ်းလုပ်ငန်းဖြင့် မိသားစုဘဝ ရပ်တည်နိုင်ရေးအတွက် ရှာဖွေလုပ်ကိုင်လျက်ရှိကြသော ကမ်းနီးရေလုပ်သားများသည် တည်ဆဲမြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေအရ သတ်မှတ်ထားသည့် ရေယာဉ်အရွယ်အစားထက် လှိုင်းဒဏ်လေဒဏ်ခံနိုင်သော ရေယာဉ်ဖြင့် ကမ်းနီးငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လိုကြကြောင်း သိရသည်။
မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေအရ ကမ်းရိုးတန်းဒေသတလျှောက် ကမ်းခြေမှ (၁၀) မိုင်အတွင်းရှိ ငါးလုပ်ငန်းရေပြင်ကို ကမ်းနီးငါးဖမ်း ရေပြင်ဟုသတ်မှတ်ထားပြီး မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်၏ ငါး/ပုစွန် သယံဇာတ တည်ရှိမှုအခြေအနေ၊ကမ်းနီးဒေသရှိ ငါး/ပုစွန်ပေါက်ဖွားရာနေရာများ ပျက်စီးမှုမရှိစေရေးနှင့် ဂေဟစနစ် မပျက်စီးစေရေးအတွက် ရေယာဉ်ကို အလျား (၃၀) ပေနှင့် မြင်းကောင်ရေ (၂၅) ကောင် သတ်မှတ်ပေးထားပြီး အင်ဂျင်စက်ကို ငါးဖမ်းကိရိယာတွင် တပ်ဆင်အသုံးမပြုရန် (၂၀၁၁) ခုနှစ်၌ သတ်မှတ်ထားကြောင်း ငါးလုပ် ငန်းဦးစီးဌာနမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် “တိုင်းဒေကြီးအတွင်း နှစ်ပေါင်းများစွာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်နေကြသည့် မိရိုးဖလာ ကမ်းနီးရေလုပ်ငန်းမှ အရွယ်လွန်ငါးဖမ်းလှေများ စိတ်အေးချမ်းသာစွာ လုပ်ကိုင်စားသောက်နိုင်ရေး သင့်တော်သည့် ငါးဖမ်းလိုင်စင် ချထားဆောင်ရွက်ပေးရန်” တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေး က ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည်။
ငါးဖမ်းရေယာဉ်အရွယ်အစားနှင့်ပတ်သက်ပြီး ခေတ်စနစ်နှင့်မကိုက်ညီသည့်အတွက် ကမ်းနီးရေလုပ် သားများ အခက်အခဲများ ဖြစ်လျက်ရှိရာ မြိတ်ခရိုင်အတွင်းရှိ ကမ်းနီးငါးဖမ်းလုပ်ငန်း နှင့်ပတ်သက်၍ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ်းနီးရေလုပ်သားများ၊ ဌာနဆိုင်ရာများ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ ဇူလိုင်လ(၂၃)ရက်က မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး၌ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ကမ်းနီးငါးဖမ်းလုပ်ငန်း နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ်းနီးရေလုပ်သားများ၊ ဌာနဆိုင်ရာများ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးရာတွင် ဒေသခံရေလုပ်သားများမှ အများသဘောဆန္ဒဖြစ်သည့် “ကမ်းနီးငါးဖမ်းလှေအား အလျား(၅၀)ပေ၊ မြင်းကောင်ရေ(၁၂၀) ပြင်ဆင်သတ်မှတ်ပေးနိုင်ပါရန်” ဆွေးနွေးတင်ပြခဲ့ကြသည်။
“ကမ်းနီးလှေအရွယ်အစား အလျား(၃၀)ပေနှင့် မြင်းကောင်ရေ(၂၅)ကောင်သည် ခေတ်ကာလ အခြေအနေအရ လှိုင်းဒဏ်လေဒဏ်ခံနိုင်ရန် တိုးမြှင့်လာတဲ့အခြေအနေအပေါ်မှာ သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့မကိုက်ညီ၍ လိုင်စင်မရရှိပါ။ လိုင်စင်မရရှိတဲ့အတွက် ဒေသခံရေလုပ်သားတွေက တရားဝင် အခွန်ပေးသွင်းပြီး လိုင်စင်လိုချင်တယ်။ ဌာနမှလည်းညွှန်ကြားချက်အရ မကိုက်ညီတော့မထုတ်ပေးပါ။ ကမ်းနီးရေလုပ်သားတွေက ပင်လယ်ပြင်မထွက်ရင်လည်း ဝမ်းစာရေးအတွက် အဆင်မပြေပါ။ အရဲစွန့်ပြီး ထွက်ရင်လည်း ဖမ်းဆီးခံရတဲ့အခြေအနေတွေဖြစ်နေတယ်”ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင် က ပြောသည်။
လိုင်စင်မရှိဘဲ တရားမဝင် ငါးဖမ်းကိရိယာ(ဝါးလတ်ငယ်)ဖြင့် လုပ်ငန်းလုပ်ကိုင်သည့် ကမ်းနီးငါးဖမ်းလှေ (၇)စီးကို မလိကျွန်းအနီးကမ်းနီးရေပြင်၌ ယခုလတွင်လည်းကောင်း၊ ခိုကျွန်းအနီးကမ်းနီးရေပြင်တွင် ငါးဖမ်း လိုင်စင်မရှိသည့် ကမ်းနီးငါးဖမ်းလှေ(၂)စီးကို ဇွန်လတွင်လည်းကောင်း၊ တရားမဝင်ငါးခိုးဖမ်းသည့်အတွက် သက်ဆိုင်ရာမှ ဖမ်းဆီးခဲ့ပြီး ၄င်းလှေ(၉)စီးနှင့် ရေလုပ်သား(၃၃)ဦးကို မြန်မာ့ပင်လယ် ငါးဖမ်းလုပ်ငန်း ဥပဒေ (၄၄)ဖြင့် စစ်ဆေး အရေးယူ ဆောင်ရွက်ခဲ့ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
“ရေလုပ်သားတွေက အခုလက်ရှိအခြေအနေတွင် မသိဘဲနဲ့ လုပ်တဲ့ တချို့ကိစ္စတွေမှာ ဥပဒေနဲ့မညီပဲ လုပ်ခဲ့တာတွေက နှစ်တွေကြာလာတော့ ကမ်းနီးရေလုပ်သားတွေကို ဖြေလျှော့ပေးဖို့ အချိန်ရောက်လာပါပြီ။ လက်ရှိအချိန်မှာ ဌာနရဲ့ ကန့်သတ်ချက်အရသာ ရေလုပ်သားတွေမှာ လိုင်စင်မရှိဖြစ်နေပါတယ်။ သက်ဆိုင်ရာ ဌာနတွေက ကမ်းနီးရေလုပ်သားတွေကို ဖြေလျှော့ပေးပြီး ဥပဒေနှင့်အညီ လုပ်ကိုင်နိုင်အောင် ကူညီဆောင်ရွက် ပေးသင့်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင် က အကြံပြုစကားဆိုသည်။
မြိတ်ခရိုင်တွင် တည်ဆဲမြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေအရ ၂၀၁၉ခုနှစ် ဇွန်လအထိ သတ်မှတ်ချက် နှင့်ကိုက်ညီသည့် ကမ်းနီးငါးဖမ်းရေယာဉ်(၃၈၁၉)စီး၊ ရေလုပ်သား(၅၁၄၆)ဦးကို ငါးဖမ်းလိုင်စင် ထုတ်ပေးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကမ်းနီးငါးဖမ်းရေယာဉ် (၉၄၀၉)စီးရှိ၍ သတ်မှတ်ချက်နှင့်မကိုက်ညီသည့်ကမ်းနီးငါးဖမ်းရေယာဉ်(၂၂၆၁)စီးရှိကြောင်း။
ကမ်းနီး၊ ကမ်းဝေးလှေများသည် သတ်မှတ်ရေပြင်ဧရိယာ အတွင်း၌သာ ငါးဖမ်းဆီးခြင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကမ်းနီးလှေများသည် မိသားစု တပိုင်တနိုင် စက်အင်အားမသုံးဘဲ ဖမ်းဆီးခြင်းဆောင်ရွက်ရ သည့်အတွက် လှေများသတ်မှတ်အရွယ်အစားထက် အရွယ်အစား/စက်အင်အား ကြီးမားပြောင်းလဲပြင်ဆင် ဖမ်းဆီးမှုများပြားလာပါက ငါးသယံဇာတကို ထိခိုက်လာနိုင်၍ ဂေဟစနစ်များ ပျက်စီးလာနိုင်ပြီး ငါးသယံဇာတ ရေရှည်တည်တံ့ထုတ်ယူသုံးစွဲနိုင်ရေးကို အဟန့်အတားဖြစ်လာနိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ “ဥပဒေထဲတွင် အလျား(၃၀)ပေ မြင်းကောင်ရေ(၂၅)ကောင်ဆိုတော့ အခုအသုံးပြုနေတဲ့ လှေအရွယ်အစား အင်ဂျင်တွေအားလုံးက ဥပဒေနဲ့ မညီညွှတ်တဲ့အတွက် ဖမ်းဆီးခြင်းခံရနိုင်တယ်။ လှေအရွယ်အစား တိုးမြှင့်လိုက်လို့ရှိရင် ငါးဖမ်းလိုင်စင်ရမှာ။ လိုင်စင်ရမှ တရားဝင်ဖမ်းဆီးခွင့်ရမှာ။ မဟုတ်လို့ရှိရင် ကျွန်တော့တို့ မိသားစုတွေအတွက် ဘယ်လိုမှ အဆင်မပြေနိုင်ပါ။ အစိုးရအနေနဲ့ ခေတ်စနစ်နဲ့မညီတဲ့ ဥပဒေတွေကို ပြောင်းပေးပါ။ ပြင်ပေးပါ။ လှေအရွယ်အစားတွေသည် အသုံးပြု၍ မရတဲ့အတွက် ကမ်းနီးရေလုပ်ငန်းဥပဒေကို အမြန် ဆုံးပြင်ဆင်ပေးဖို့အတွက် နိုင်ငံတော်အစိုးရကို တောင်းဆိုချင်ပါတယ်” ဟု ကျွန်းစုမြို့နယ် ကင်းမွန်အသင်း အတွင်းရေးမှူး ဦးရဲထွဋ် က ဆိုသည်။
ကမ်းနီးငါးဖမ်းရေယာဉ်များနှင့်ပတ်သက်၍ ကမ်းနီးငါးဖမ်းလှေအရွယ်အစားအား ဥပဒေဖြင့် သတ်မှတ်ထားသော ရေယာဉ်အမျိုးအစားထက် လှိုင်းဒဏ်လေဒဏ်ခံနိုင်သော အလျား(၆၀)ပေ၊ မြင်းကောင်ရေ(၁၂၀) အောက်သတ်မှတ်ပေးရန်၊ ရေယာဉ်ဂရမ်ရှိပြီး ရေယာဉ်အား သင့်လျှော်သော ငါးဖမ်းလိုင်စင်ရရှိရေးအတွက် ၂၀၁၉ ခုနှစ် မတ်လ၌ မြိတ်၊ ထားဝယ်၊ ကော့သောင်းခရိုင်တို့တွင် အလုပ်ရုံဆွေးနွေးပွဲများကျင်းပခဲ့ပြီး ဆွေးနွေး ပွဲရလာဒ်များအား နေပြည်တော်တွင် ကျင်းပသည့် ငါးလုပ်ငန်းစီမံခန့်ခွဲမှု စီမံချက်ဖော်ထုတ်ရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် တင်ပြထားကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ထောင်စု အစိုးရ၏လုပ်ပိုင်ခွင့်ဖြစ်သဖြင့် ကမ်းနီးငါးဖမ်းရေယာဉ်များ၏ လှေအရွယ်အစားနှင့် အင်ဂျင်အား သတ်မှတ်ချက်နှင့် ကျော်လွန်နေမှုကို ကမ်းနီးငါးဖမ်းလုပ်ငန်းအတွက် တနင်္သာရီတိုင်းဒေသကြီးတွင် ပြင်ဆင်သတ်မှတ်ပေးသင့်သော ဒေသနှင့်ကိုက်ညီသည့် ရေယာဉ်အရွယ်အစားနှင့်အင်ဂျင်အားကို ဒေသခံရေလုပ် သားများပါဝင်သည့် ဆွေးနွေးညှိနှိုင်း အကြံပြုတင်ပြချက်များကို စုစည်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး၌ အတည်ပြုချက်ရယူကာ ပြည်ထောင်စုအစိုးရသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက်)


