နေပြည်တော် ၂၆  ဇူလိုင်

သတင်းအချက်အလက်ရပိုင်ခွင့် ဥပဒေ (မူကြမ်း) နှင့် ပတ်သက်၍ မဏ္ဍိုင် ၃ ရပ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေသည် ဒီမိုကရေစီနိုင်ငံများတွင် လိုအပ်သည့် ဥပဒေတစ်ရပ်အနေဖြင့် ပြောဆို၊ တောင်းဆိုကြပါကြောင်း၊ ဒီမိုကရေစီနိုင်ငံ၏ သွင်ပြင်လက္ခဏာ၊ အရည်အချင်းများတွင် ထိုဥပဒေရှိခြင်းကို အချက်တစ်ချက်အဖြစ် အများနားလည် သဘောပေါက်ကြပါကြောင်း။

 

mdn


ယနေ့ကမ္ဘာတွင် နိုင်ငံပေါင်း ၂၀ဝ ဝန်းကျင်ရှိသည့်အနက် နိုင်ငံပေါင်း ၁၀ဝ ကျော်သည် သတင်းအချက်အလက်ရပိုင်ခွင့် ဥပဒေပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ ထိုဥပဒေ ပြဋ္ဌာန်းခြင်းသည် ဒီမိုကရေစီနိုင်ငံများတွင် ရှိသင့်သည့် လက္ခဏာတစ်ရပ်ဖြစ်သော်လည်း ပြဋ္ဌာန်းမှုသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီသည်ကို တွေ့ရပါကြောင်း။      

ဒီမိုကရေစီ၏ အနှစ်သာရသည် အများပြည်သူပါဝင်မှုဖြစ်ပြီး ပါဝင်မှုများလေ ဒီမိုကရေစီပြည့်ဝလေ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ခေတ်တွင် အများပြည်သူ ပါဝင်ခွင့်ကို ပြောဆိုလာကြပါကြောင်း၊ ထို့ပြင် အစိုးရပိုင်းကလည်း ပွင့်လင်းမြင်သာမှုရှိရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ မဏ္ဍိုင်များတွင် တာဝန်ယူထားသည့် ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို အများပြည်သူ သိရှိနိုင်ရန် လိုအပ်ပါကြောင်း၊ များများသိနိုင်လေ ပွင့်လင်းမြင်သာမှု ပိုရှိလေဆိုသည့် သဘောဖြစ်သည့်အတွက် သတင်းအချက် အလက်ရပိုင်ခွင့် ဥပဒေပြဋ္ဌာန်းရန် လိုအပ်ပါကြောင်း။

သတင်းအချက်အလက်နှင့် ပတ်သက်၍ ဒီမိုကရေစီနိုင်ငံတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ သတင်းအချက်အလက် ရယူခွင့်များသည် တွဲ၍ တည်ရှိနေပါကြောင်း၊ ယခင်က လွတ်လပ်စွာ ပြောဆိုရေးသားခွင့်များသည် မီဒီယာသမားများ အတွက် အဓိကဖြစ်ပါကြောင်း၊ သို့သော် ယနေ့ခေတ်အခါတွင် နည်းပညာများ ထွန်းကားလာပြီး ဆိုရှယ်မီဒီယာများ အားကောင်းလာသည့်အခါ မီဒီယာသမားများနည်းတူ နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ ပြောဆိုရေးသားလာကြပါကြောင်း။

 သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေအရ နိုင်ငံသားတစ်ဦးမှ သိရှိလိုသည့် အချက်များကို ဖြေဆိုပေးရမည်ဖြစ်ပါကြောင်း၊ ဤဥပဒေ ပြဋ္ဌာန်းပြီးပါက အများပြည်သူက သိရှိလိုသည့်အချက်များကို မေးမြန်းလာကြမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများတွင် မေးမြန်းလာသည့် အချက်များကို ဖြေကြားပေးမည့် ဌာနနှင့် ပုဂ္ဂိုလ်များရှိရမည် ဖြစ်ပါကြောင်း၊ ထို့အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ အားလုံးအနေဖြင့် ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း။

ထိုကဲ့သို့ အများပြည်သူက မေးမြန်းလာပါက ဖြေကြားပေးရန်အတွက် မည်သည့် သတင်းအချက်များ ရှိသည်၊ မည်သည့်သတင်းအချက်အလက်က အများပြည်သူ သို့ ထုတ်ပြန်ပေးရန် သင့်/မသင့်၊ သတင်းအချက်အလက်ကို မည်သို့သော နေရာဌာနမျိုးမှ တောင်းဆိုမှ ထုတ်ပြန်ပေးမည် စသည့် သတင်းအချက်အလက် အမျိုးအစား၊ အဆင့်အတန်း သတ်မှတ်ခွဲခြားသည့် လုပ်ငန်းများကိုလည်း ညှိနှိုင်းဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း။

 

mdn

 

ဤဥပဒေ ပြဋ္ဌာန်းပြီးပါက မိမိတို့နိုင်ငံကို ဒီမိုကရေစီ ပြည့်ဝသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အစိုးရတစ်ရပ်အဖြစ် အများပြည်သူက ပိုမိုယုံကြည်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မြန်မာ့မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့်  သတင်းအလက်ရပိုင်ခွင့် ဥပဒေ(မူကြမ်း) ရေးဆွဲထားမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် မဏ္ဍိုင် ၃ ရပ်မှ တာဝန်ရှိသူများက သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ (မူကြမ်း)နှင့် ပတ်သက်၍ အခန်းတစ်ခန်းချင်း အလိုက် ပြင်ဆင်၊  ဖြည့်စွက်၊ ဖြုတ်ပယ်လိုသည့် အချက်များ၊ အားနည်းချက်၊ အားသာ ချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊  ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းအောင် ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့က ဖြည့်စွက်ဆွေးနွေးကြသည်။

 

mdn

 

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုတ်သိမ်းလိုက်သည်။

သတင်းစဉ်