နေပြည်တော်၊ ဇွန် ၁၁
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်လျက်ရှိရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသည် ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ ဖော်ပြပါ အလှကုန်ပစ္စည်း (၄) မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထုသုံးစွဲရန် မသင့်တော်ပါကြောင်း အသိပေးလိုက်သည်။
တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များ ဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ် ပျက်စီးခြင်းနှင့် အခြားရောဂါများဖြစ်ပွားနိုင်သည်။
အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့်လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်း မရှိသော အများပြည်သူ သုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃) (ဃ) အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
သတင်းစဉ်