သုံးခွ ၄ ဩဂုတ်
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ စပါးစိုက်ခင်းများနှင့် မှော်ဝင်းချောင်း အတွင်းသို့ ယနေ့နံနက်ပိုင်းက ငါးသားပေါက်အကောင်ရေ (၉၀၀၀၀)ကို စိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။
ငါးမျိုးစိုက်ထည့်ရာတွင် တောင်သူ ဦးမြဌေးနှင့် ဦးသန်းစိုးတို့၏ လယ်ဧက (၁၂၀)အတွင်း တစ်ဧကလျှင်(ထိုင်း) ငါးခုံးမ ငါးရာနှုန်းဖြင့် စပါးစိုက်ခင်းအတွင်းသို့ စုစုပေါင်း ငါးအကောင် ရေ ခြောက်သောင်းနှင့် အမှတ် (၁၁)ရပ်ကွက် ဆိပ်ကမ်းသာလှေဆိပ် မှော်ဝင်းချောင်းအတွင်း ငါးမြစ်ချင်းကောင်ရေ သုံးသောင်း စုစုပေါင်း ငါးအကောင်ရေ ကိုးသောင်း စိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။
ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း၊ ရန်ကုန်တောင်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်ဦးစီးမှူး ဦးတင်ဝင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)