သုံးခွ ၂၂ ဩဂုတ်
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် အနောက်ကျေးရွာတွင် စပါးခင်းနှင့် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းနှင့် တောင်သူများအား ငါးမျိုးပေးခြင်းကို ယနေ့ နံနက် ၇ နာရီက တောင်သူ ဦးမြဌေး စပါးစိုက်ကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးတင်ဝင်းနှင့် ဝန်ထမ်းများက ငါးသားပေါက်များ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး စပါးစိုက်ခင်းထဲသို့ ငါးသားပေါက်များ စိုက်ထည့်လွှတ်ပေးခဲ့ကြသည်။
ယခုစိုက်ထည့်ပေးခဲ့သော ငါးများမှာ ငါးဖန်းမ(ခေါ်) ငါးဖယ်အောင်း ၂၀ဝ၀ဝ၀၊ ငါးခုံးမကြီး ၆၀ဝ၀ဝ၊ စုစုပေါင်း ၂၆၀ဝ၀ဝ ကောင်ဖြစ်ကြောင်း သိရသည်။ "အခုလိုငါးမျိုး စိုက်ထည့်ခြင်းအားဖြင့် အဓိကကတော့ ဒေသတွင်းငါးမျိုးပြန့်ပွားရေး၊ ငါးသယံဇာတ ရေရှည်တည်တံ့ရေးနှင့် ကျေးလက်နေပြည်သူများ တစ်ဖက်တစ်လမ်းက ဝင်ငွေတိုးရရှိရေးကို ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး ဆက်လက်ပြီးတော့လည်း ငါးမျိုးများ စိုက်ထည့်ပေးသွားမှာပါ" ဟု မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဦးတင်ဝင်းက ပြောသည်။
ကိုကျော်(သုံးခွ)


