မကွေး ၁၁  သြဂုတ်

 

မကွေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရာသီဥတုအခြေအနေကြောင့် သုံးနှစ်ဆက်တိုက် သီးနှံပျက်စီးမှု ကြုံခဲ့ရပြီး နောက်ထပ်စိုက်ပျိုးရန် အရင်းအနှီးလည်းမရှိ ၊ ချေးယူထားသော စိုက်ပျိုးစရိတ် ချေးငွေများလည်း မဆပ်နိုင်သည့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသခံတောင်သူများထံက သိရသည်။

 

ကံသာကြီး ၊ ဒေါင်းနေ ၊ မြေပြာကန် ၊ တဲကြီးကုန်း ၊ အင်တိုင်းကြီး ၊ ကံသစ် ၊ ရွာဟောင်းကန် ၊ လွန်မြတ်ကန် ၊ ကံသာလေး ၊ ညောင်ပင်သာ စသည့်ကျေးရွာများတွင် အလားတူအခက်အခဲများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

 

 “ ၂၀၁၈ တုန်းက ဆယ်ရက်လောက် မိုးဆက်တိုက်ရွာလို့ စိုက်ခင်းတွေရေမြုပ်ကုန်တယ်။ အမြစ်တွေ ပုပ်ကုန်လို့ ပျက်ခဲ့ရတယ်။ ၂၀၁၉တုန်းကတော့ မိုးခေါင်လို့ ပျက်ရတယ်။ အခုနှစ်မှာ နှမ်းက ရက် ၉၀ သားရောက်နေပြီ။ နုတ်ချိန်တန်နေပြီ။ အပွင့်၊အသီးက တင်တယ်ဆိုရုံလေး။ ထည်မှောက်ရင်လည်း စရိတ်က ထပ်ကုန်ဦးမယ်။ ထပ်စိုက်ဖို့ သီးနှံတွေအတွက် အရင်းကမရှိ ၊ ချေးထားတဲ့ စိုက်ပျိုးစရိတ် တွေလည်း ဘယ်ကငွေနဲ့ ပြန်ဆပ်ရပါ့မလဲ ” ဟု တောင်သူ ဦးဝင်းနိုင်က ပြောသည်။

 

နှမ်းတစ်ဧကလျှင် သွင်းအားစု တန်ဖိုး ငွေကျပ်(၂)သိန်းဝန်းကျင် ဆုံးရှုံးမှုရှိပြီး  စိုက်ဧက အနည်းအများပေါ် မူတည်ကာ ငွေကျပ် ၁၀ သိန်းမှ ၂၅ သိန်းခန့် ထိ ဆုံးရှုံးမှုများရှိနေသည်ဟု ဒေသခံ တောင်သူကြီး ဦးမြရှိန် က ပြောသည်။

 

ဆည်မြောင်းတာတမံများ ပေါများသည့် ဧရာဝတီမြစ်အနောက်ခြမ်းဒေသတွင် ဆည်ရေသောက် စနစ်ကောင်းမွန်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရက လုပ်ဆောင်လျက်ရှိသည့်နည်းတူ မိုးမျှော်စိုက်ရသည့် တောင်သူများအတွက်လည်း စိုက်ပျိုးရေးဆိုင်ရာ အကူအညီနှင့် နည်းလမ်းများ ရှာပေးစေလိုကြောင်း မကွေးဒေသခံတောင်သူများထံမှ  သိရသည်။

 

ဇေယျတု(မကွေး)