နေပြည်တော် ၇ ဇွန်
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာအင်စတီကျူ(Panna Institute) တို့ ပူးပေါင်းပြီး ဂျာမန်ဖောင်ဒေးရှင်းဖြစ်သည့် Konrad Adenauer Stifung (KAS Myanmar) ၏ ပံ့ပိုးကူညီမှုဖြင့် ပြုလုပ်သည့် သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက သင်တန်းမှရရှိခဲ့သည့် ပညာဗဟုသုတများကို သင်တန်းတက်ရောက်ခွင့် မရသည့်သူများကို ပြန်လည်မျှဝေစေလိုပါကြောင်း၊ တိုင်းပြည် အတွက် ကောင်းကျိုးဖြစ်စေရန် အသုံးချစေလိုပါကြောင်း၊ အရေးကြီးသည့်အချက်မှာ သိရှိသည့် ပညာ၊ ဗဟုသုတ များနှင့် ကျေနပ်ပြီး လေ့လာမှုကို ရပ်တန့်မနေဘဲ ဆက်လက်ကြိုးစား လေ့လာကြစေလိုပါကြောင်း၊ နောက်ပိုင်းတွင်လည်း အလားတူ သင်တန်းများ ဆက်လက် ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် မိမိတတ်မြောက်ထားသည့် ပညာဖြင့် တိုင်းပြည်ကို ကောင်းမွန်အောင် တည်ဆောက်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် Panna Institute မှ ဆရာဌေးဝင်းနိုင်နှင့် သင်တန်းသား၊ သင်တန်းသူများကိုယ်စား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒေါ်မြတ်သီရိအေးတို့က ကျေးဇူးတင်စကား ပြောကြားကြသည်။
ယင်းနောက် Panna Institute မှ ဆရာဦးဌေးဝင်းနိုင် က သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ရာ သင် တန်းသား၊ သင်တန်းသူများကိုယ်စား သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးအာကာကျော် က လက်ခံရယူသည်။
သင်တန်းတွင် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် နိုင်ငံရေးအရ လွှမ်းမိုးမှု များ၊ ပြည်သူ့ရေးရာမူဝါဒ ဖော်ဆောင်ပုံ၊ လည်ပတ်ပုံနှင့် စွမ်းဆောင်မှုညွှန်းကိန်းများ၊ သုတေသန နည်းနာနိဿယ ခေါင်းစဉ်အောက်တွင် သုတေသနပုံစံများ၊ မေးခွန်းတည် ဆောက်ပုံများ၊ အချက်အလက်စုဆောင်းပုံနှင့် သုံးသပ်အဖြေရှာပုံများ၊ ပြည်သူ့ ဆက်ဆံရေးနှင့် ဆက်သွယ်မှုပုံစံအမျိုးမျိုး၊ ဌာနတွင်း / ပြင် ဆက်ဆံရေးနည်းလမ်းများ၊ လူထု ထင်မြင်ယူဆချက် အမျိုးမျိုးနှင့် သုံးသပ်ပုံ၊ မူဝါဒရေးဆွဲရာတွင် လူထုထင်မြင်ယူဆ ချက်ကို ထည့်သွင်းစဉ်းစားပုံများ၊ အင်တာနက်မှ တစ်ဆင့် ဒေတာလွှမ်းမိုးသည့် ခေတ်တွင် သတင်းအချက်အလက်များကို စီမံခန့်ခွဲခြင်း၊ အစိုးရစီမံကိန်းများ အတွက် သတင်းအချက်အလက် စီမံခန့်ခွဲခြင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးစီမံခန့်ခွဲမှု၊ အနာဂတ် အစိုးရနှင့် သတင်းအချက်အလက်စီမံခန့်ခွဲမှု စသည့် အကြောင်းအရာများကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဇွန် ၃ ရက် မှ ဇွန် ၇ ရက်အထိ ၅ရက်တာ ကျင်းပခဲ့ပြီး ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ ၅၀ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)