သုဝဏ္ဏဝတီမြို့တွင် အဆုတ်(တီဘီရောဂါ)နှင့် ရင်ခေါင်းဆိုင်ရာရောဂါများ အခမဲ့စမ်းသပ်စစ်ဆေးပေး

သုဝဏ္ဏဝတီ ဩဂုတ် ၁၁

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ အ.ထ.က(ကျိုက္ကော်) ရွှေရတုခန်းမတွင် ယနေ့နံနက်ပိုင်းမှ စတင်၍ သထုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်း ကျန်းမာရေးစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်းကာ ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် အဆုတ်(တီဘီရောဂါ)နှင့် ရင်ခေါင်းဆိုင်ရာရောဂါများကို ပြည်သူများအား အခမဲ့ စမ်းသပ်စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လာရောက်စမ်းသပ်သော ပြည်သူများအား ဦးစွာ ဓာတ်မှန်ရိုက်စစ်ဆေးပြီး ရောဂါတွေ့ရှိသူများအား သလိပ်စစ်ဆေး၍ သက်ဆိုင်ရာဆေးများနှင့် လိုအပ်သောကုသမှုများ လမ်းညွှန်ပေးခဲ့ကြောင်း၊ လာရောက်စစ်ဆေးသူ ပြည်သူ ၁၉၁ ဦးအနက် ရောဂါရှိသူ ၁၄ ဦးတွေ့ရှိပြီး ရောဂါတွေ့ရှိသူများအတွက် ၆ လစာဆေးများကို ပေးအပ်ခဲ့ကြောင်း၊ ၎င်းအပြင် ဆီးချို၊ HIV ရောဂါများလည်း လိုအပ်လျှင် စစ်ဆေးပေးကြောင်း၊ သထုံမြို့နယ်အတွင်း စုရပ် ၅ နေရာသတ်မှတ်ပေးပြီး ယခု ၄ နေရာတွင် ပြသ၊ စစ်ဆေးသူပေါင်း ၆၀၀ ခန့်ရှိကြောင်း၊ တီဘီရောဂါသည် မျိုးရိုးလိုက် ရောဂါမဟုတ်ဘဲ ကူးစက်ရောဂါတစ်မျိုး ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ရောဂါပြန့်ပွားမှုမရှိအောင် ရောဂါ ရှိ/မရှိ လာရောက်စစ်ဆေးကြရန် လိုအပ်ကြောင်း၊ ဆေးကို ဆေးညွှန်းအတိုင်း လိုက်နာ၍ သောက်သုံးပါက လုံးဝပျောက်ကင်းနိုင်သော ရောဂါဖြစ်ကြောင်းကို ပြည်နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဦးက ပြောသည်။

နောက်ဆုံး စုရပ်ဖြစ်သော ကတိုက်ကြီးကျေးရွာအုပ်စုသို့ ဩဂုတ် ၁၂ ရက်တွင် သွားရောက်စမ်းသပ် စစ်ဆေးပေးမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ကွန်ပျူတာဓာတ်မှန်စက်ဖြင့် အခမဲ့ နယ်လှည့်တီဘီရောဂါ ရှာဖွေကုသခြင်းသည် ကျေးလတ်နေ ပြည်သူများ၏ ကျန်းမာရေးကို များစွာအထောက်အကူပြုကြောင်း သိရသည်။

ခွန်(ဝင်းပ)