၂၀၂၂ ခုနှစ် မိုးရာသီကာလ ယေဘုယျ မြစ်ရေအခြေအနေ ခန့်မှန်းချက်
မိုးဦးကာလ မေလနှင့် ဇွန်လတို့တွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်၊ မြစ်သာမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်နှင့် ဘီးလင်းမြစ်တစ်လျှောက်ရှိ မြို့များတွင် မြစ်ရေများသည် လက်ရှိရေမှတ်များ၏ အထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ် မရှိပါ။
၂၀၂၂ ခုနှစ် မေလ လပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်
၂၀၂၂ ခုနှစ် မေလအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် (၇)ပေမှ (၁၀)ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၄)ပေမှ (၆)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်။
၂၀၂၂ ခုနှစ် မိုးဦးကာလအတွက် မိုးလေ၀သခန့်မှန်းချက်
၂၀၂၂ ခုနှစ် မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက် သည့်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇွန်လကုန်အထိ ဖြစ်သည်။
၂၀၂၂ ခုနှစ် မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်
အနောက်တောင်မုတ်သုံလေသည် ၂၀၂၂ ခုနှစ် မေလ (၂၇)ရက်နေ့မှ ဇွန်လ(၄)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ကဆုန်လပြည့်ကျော် (၁၃)ရက်နေ့မှ နယုန်လဆန်း (၆)ရက်နေ့) အတွင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ ၀င်ရောက်ဖွယ်ရာရှိပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလပထမရက် သတ္တပတ် (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လဆန်းခန့်)တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ပြန်လည် ဆုတ်ခွာသွားဖွယ်ရာရှိသည်။
၂၀၂၂ ခုနှစ်၊ မေလ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်
အနောက်တောင်မုတ်သုံလေသည် မေလ (၈ - ၁၃)ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသ များသို့ လည်းကောင်း၊ မေလ (၁၄ - ၂၀)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း၊ မေလ (၂၁- ၂၆)ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်း၊  မေလ (၂၇)ရက်မှ ဇွန်လ (၄)ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့လည်းကောင်း အသီးသီး ၀င်ရောက်နိုင်သည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေသည်။