ရန်ကုန်  ၂၄  ဇွန် 

ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံမွမ်းမံတည်ဆောက်ရေးနှင့် နယ်စပ်တောင်တန်းဒေသ သာသနာတော် ထွန်းကားပြန့်ပွားရေးလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

ရှေးဦးစွာ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝနှ်ရှိသူများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားသရာဇ္ဈယ်တော်မူသည့်  ပရိတ်တရားတော်များ နာယူကြသည်။

 

mdn

 

ယင်းနောက် ဆရာတော်သံဃာတော်များထံ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ အလှူရှင်များဖြစ်ကြသော ဆရာတော်များ၊ သီလရှင်ဆရာလေးနှင့် လူပုဂ္ဂိုလ်များက ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံမွမ်းမံ တည်ဆောက်ရေးအတွက် အလှူငွေကျပ်  ၃၆၈၁ သိန်းနှင့် နယ်စပ်တောင်တန်း ဒေသသာသနာတော် ထွန်းကားပြန့်ပွားရေး လုပ်ငန်းများအတွက် အလှူငွေကျပ် ၁၉၇၆ သိန်း စုစုပေါင်း အလှူငွေကျပ် ၅၆၅၇ သိန်းကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် နေနတ်သားပရိယတ္တိ စာသင်တိုက်ဆရာတော် ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သုစိတ္တ က အနုမောဒနာတရားချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

(သတင်းစဉ်)