နေပြည်တော်  ၂၉  နိုဝင်ဘာ 

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီးတွင် တည်ဆောက်ပူဇော်ထားသော ထာဝရငြိမ်းချမ်းရေးစေတီတော် ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ထာဝရငြိမ်းချမ်းရေးစေတီတော် ဂန္ဓကုဋိတိုက်အတွင်း၌ COVID-19 ကာကွယ် တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ လယ်ဝေးမြို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦး အောင်ကို၊ နေပြည်တော်ကောင်စီခေတ္တဥက္ကဋ္ဌ ဦးအောင်မြင်ထွန်း၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊  အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

အခမ်းအနား မစတင်မီတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော်ကောင်စီခေတ္တဥက္ကဋ္ဌ ဦးအောင်မြင်ထွန်းနှင့် ဒုတိယဝန်ကြီး ဦးကြည်မင်း တို့က ထာဝရငြိမ်းချမ်းရေးစေတီတော် လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား မြသပိတ်ဆွမ်း၊ သစ်သီး၊ ပန်းမန်၊ ဆီမီးနှင့် သောက်တော်ရေချမ်းများ ဆက်ကပ်လှူဒါန်းကြသည်။ 

ထို့နောက် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို စတင်ကျင်းပရာ  ဥပါသကာများက ဗုဒ္ဓါဘိသေက အနေကဇာတင်ရာ ဂန္ဓကုဋိတိုက်သို့ ဆရာတော် သံဃာတော်များအား ပင့်ဆောင်၍ တံခွန်၊ ကုက္ကား၊ မုလေးပွားများ ဆက်ကပ်ပြီး ဆရာတော် သံဃာတော်များက ထာဝရငြိမ်းချမ်းရေးစေတီတော် လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူကြသည်။

ယင်းနောက် ဧည့်ပရိသတ်များက ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိများက ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် ဦးဇော်မြင့်ဖေက ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုထံ စေတိယ ပရိဝါရ သဒ္ဒဒါန ရတနတ္တယပူဇာ ကုသိုလ်တော်မင်္ဂလာအဖြစ် လှူဒါန်းသည့် အောင်ခြင်းရှစ်ပါး မင်္ဂလာမောင်းတော်ကြီးကို သာဟတ္ထိကဒါနမြောက်အောင် စီစဉ်ထားသည့် မင်္ဂလာရွှေဖဲကြိုးကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေး အပ်သည်။ 

 အဆိုပါ အောင်ခြင်းရှစ်ပါး မင်္ဂလာမောင်းတော်ကြီးကို ဦးသိန်းထွန်းခိုင်နှင့် ဇနီး ဒေါ်တင်ဝင်းဌေး၊ သမီး မဆုရတနာထွန်းတို့က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချောမွေ့အောင်မြင်ပြီး ထာဝရငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းကာ ထာဝရငြိမ်းချမ်း ရေးစေတီတော် သာသနာ့ဗိမာန်တွင် ထားရှိပူဇော်ရန်အတွက် လှူဒါန်းပူဇော်ခြင်းဖြစ်သည်။

အဆိုပါမင်္ဂလာမောင်းသည် အလေးချိန် ၁၂ ပိဿာ ၅ ကျပ် သား၊ အချင်း ၃၀ လက်မရှိ ပြီး မျက်နှာပြင်တွင် အောင်ခြင်းရှစ်ပါးပုံတော်များ ရေးခြယ်ထားသည်။

ထို့နောက် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့ မဟာလယ်တီစံကျောင်းတိုက် ပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဣန္ဒာဝုဓထံမှ  သာဓုအနုမောဒနာ တရားနာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

၂၀၁၈ ခုနှစ် မေ ၁၇ ရက်တွင် မြေသန့်မင်္ဂလာ အခမ်းအနားပြုလုပ်၍ ထာဝရငြိမ်းချမ်းရေးစေတီတော်ကို စတင် တည်ဆောက်ခဲ့ရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ်ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဆက်စပ်လုပ်ငန်းများနှင့် အဆောက်အဦများကို ဆက်လက်ဆောက်လုပ်ခဲ့သည်။ ယခုအခါ ဘုရားဝင်းအရှေ့မြောက်ဘက် ခြံစည်းရိုးမြှင့်တင်ခြင်းလုပ်ငန်း ၈၅ ရာခိုင်နှုန်း၊  စေတီတော်ပတ်လမ်း ဖောက်ရန်အုတ်စီခြင်း လုပ်ငန်း ၈၅ ရာခိုင်နှုန်း၊ ရင်ပြင်တော်ပတ်လည် ရေနှုတ်မြောင်းပြုလုပ်ခြင်းလုပ်ငန်း ၆၅ ရာခိုင်နှုန်း၊ ဂန္ဓကုဋိတိုက်မုခ် ၄ မုခ် စကျင်တပ်ဆင်ခြင်းလုပ်ငန်း ၈၅ ရာခိုင်နှုန်း၊ ရင်ပြင်တော်စကျင် ကျောက်ပြားခင်းခြင်းလုပ်ငန်း ၂၅ ရာခိုင်နှုန်း၊ ဂါပကအဖွဲ့ရုံး ဆောက်လုပ်ခြင်း ၄၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်