ဝမ်းတွင်း ၈ မေ 

နေပြည်တော်ရှိ ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များအား ရှမ်းပြည်နယ် တောင်ကြီးမြို့ ကျောက်တိုင်ကွင်းအားကစားရုံတွင် မေ ၉ ရက်မှ ၁၂ ရက်အထိ လေးရက်ကြာ အပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

 

633

 

သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်မောင်မောင်စိုးက “မေ ၉ ရက်မှာ ဝမ်းတွင်းမြို့ကနေ တောင်ကြီးမြို့ကို ပင့်ဆောင်ပူဇော်မှာဖြစ်ပြီး တောင်ကြီးမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း အားကစားခန်းမမှာ လေးရက်တာ အပူဇော်ခံထားရှိမှာပါ။ မေ ၁၁ ရက်ညမှာ ဆရာတော်အရှင်ဆန္ဒာဓိကက ငြိမ်းချမ်းရေး တရားတော်ကို ဟောကြားချီးမြှင့်သွားမှာပါ။ ၁၂ ရက်မှာတော့ တောင်ကြီးမြို့ကနေ ကယားပြည်နယ် လွိုင်ကော်မြို့ကို ဆက်လက်ပြီး ဒေသစာရီကြွချီအပူဇော်ခံသွားမှာပါ” ဟုပြောသည်။

ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့အား ခုနစ်ရက်သားသမီးများ ဖူးမြော်ကြည်ညိုနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဒေသစာရီကြွချီ အပူဇော်ခံလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့မှ ဝမ်းတွင်းမြို့သို့ ပင့်ဆောင်ပူဇော်ပြီး ဝမ်းတွင်းမြို့ရှိ မြတ်ညီနောင်ဘုရား၌ ရင်ငွေ့လှုံကာ ဒေသခံ သဲတော-ဝမ်းတွင်း ပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် မဟာဓမ္မဗိမာန်တော်ကြီးတွင် အပူဇော်ခံထားရှိသည်။

ယနေ့ည ၇ နာရီခွဲတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းသာယာမှု ရရှိစေရန် ငြိမ်းချမ်းရေးတရားတော်ကို ဟောကြားချီးမြှင့်ရာ ဒေသခံ တရားချစ်ခင်သူတော်စင်များက တရားတော်ကို ရိုသေစွာနာယူကြည်ညိုကြသည်။

(သတင်းစဉ်)