နေပြည်တော် ၂ စက်တင်ဘာ

 

ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ NEDA – Neighbouring Countries Economic Development Cooperation Agency တို့အကြား ဆောင်ရွက်မည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်းနယ်စပ်(ထီးခီး)သို့ ဆက်သွယ်ဖောက်လုပ်မည့် ၂ လမ်းသွားကားလမ်း စီမံကိန်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။

 

အစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်းနယ်စပ်(ထီးခီး)သို့ ဆက်သွယ်ဖောက်လုပ်မည့် ၂ လမ်းသွား ကားလမ်းစီမံကိန်း ဖောက်လုပ်ရေးနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ NEDA နှင့် ညှိနှိုင်းဆွေးနွေးခြင်း တိုးတက်မှုအခြေအနေများ၊ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားပြီးဖြစ်သည့်ချေးငွေကို ထိုင်းနိုင်ငံမှရရှိရေးအတွက် NEDA နှင့် ညှိနှိုင်းဆောင်ရွက်မှုနှင့် တိုးတက်မှုအခြေအနေများ၊ ၂ လမ်းသွား ကားလမ်းဖောက်လုပ်ရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာမှုဆိုင်ရာ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်