ထားဝယ်   ၂၂   သြဂုတ်


၂၀၁၈ ခုနှစ်အတွက် စံပြမြို့နယ်ဆေးရုံနှင့် စံပြတိုက်နယ်ဆေးရုံများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်  ၁၀ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

 
အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆေးကုသမှု အရည်အသွေးပြည့်ဝစေရန်နှင့် သန့်ရှင်းသပ်ရပ်ပြီး ပြည်သူလူထု အားကိုးရသော စံပြုရသည့် ပြည်သူ့ဆေးရုံများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ဖြင့် စံပြမြို့နယ်ဆေးရုံနှင့် စံပြတိုက်နယ်ဆေးရုံ ရွေးချယ်ခဲ့ကြောင်း၊ ရွေးချယ်ခံရသော ဆေးရုံများမှ ဝန်ထမ်းများကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း၊ မိမိတို့ရရှိထားသော စွမ်းဆောင်ရည် ကောင်းမွန်မှုများကို ထိန်းသိမ်းထားရန် လိုအပ်သကဲ့သို့ တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက်  တာဝန်ရှိသူများက ၂၀၁၈ ခုနှစ်အတွက် စံပြမြို့နယ်ဆေးရုံနှင့် စံပြတိုက်နယ်ဆေးရုံအဖြစ် ရွေးချယ်ခံရသော ပုလော၊ ရေဖြူ၊ သရက်ချောင်းမြို့နယ် ဆေးရုံနှင့် ပဲဒက်၊ ကံမော်၊ ပလောက် တိုက်နယ်ဆေးရုံများအား ဆုချီးမြှင့်ခဲ့သည်။


အခမ်းအနားတွင် ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်များအား အာဟာရဆေးများ ပေးအပ်ခဲ့ပြီး ငါးနှစ်အောက် ကလေးငယ်များအား အင်အားပြည့် ဗီတာမင်အေ ဆေးလုံးများ တိုက်ကျွေးခဲ့သည်။


အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


(ခရိုင် ပြန်/ဆက်)