ထားဝယ် ဇွန် ၁၂
ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးငြိမ်းသတ်ယာဉ်၊ လူနာကူညီ သယ်ဆောင်ရေးယာဉ်များဖြင့် အလျင်အမြန် ရောက်ရှိနေရာယူကြပြီး ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများကို အသုံးပြု၍ ကယ်ဆယ်ခြင်းများအား လျင်မြန်စွာဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ငလျင်လှုပ်ခတ်ပြီးသည့်နှင့် တစ်ပြိုင်နက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကျောင်းအဆောက်အဦအတွင်း ပိတ်ဆို့ဖိမိနေသူများအား လိုက်လံရှာဖွေပြီး ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြု၍ အဆောက်အဦ အပြင်ဘက်သို့ လျင်မြန်စွာကယ်ထုတ်ခြင်းလုပ်ငန်းများကို သဏ္ဍာန်တူလေ့ကျင့်ခဲ့ကြသည်။
ယင်းနောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရရှိသူများကို လွှဲပြောင်းပေးအပ်ရာ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့များက ရှေးဦးပြုစုခြင်းနှင့် အရေးပေါ် နှလုံးနှိုးဆွ အသက်ရှုနည်းဖြင့် ပြုစုပေးခဲ့ကြပြီး ကယ်ဆယ်ရေးယာဉ်ဖြင့် တင်ဆောင်၍ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခြင်းတို့ကို အချိန်တိုအတွင်း အလျင်အမြန် ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


