ထားဝယ်       ၉     စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့၊လမ်းဆုံကြီးမီးပွိုင့်နှင့် ဉတ္တံတားကြီးလမ်းဆုံများတွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထို့နောက် ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန ၊ ရဲတပ်ဖွဲ့ ၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ခရီးသွားလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် လူတိုင်းကို နှာခေါင်းစည်း (Mask) တပ်စေလိုသော အားဖြင့် (Mask) မတပ်သောသူများကို ငွေကျပ် (၅၀ဝ၀)နှင့် ညီမျှသော (Mask)ဝယ်ယူစေခြင်းဖြင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက် ပေးခဲ့သည်။

 

အဆိုပါအဖွဲ့သည် ထားဝယ်မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် (Mask)တပ်ဆင်သွားလာကြရန် ၊ မကြာခဏ လက်ဆေးကြရန်၊ လူစုလူဝေးရှောင်ပြီး သတ်မှတ်အကွာအဝေးအတိုင်း နေထိုင်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိသည်။  

 

 (ထားဝယ်ခရိုင်ပြန်/ဆက်)