ထားဝယ်၊ ၁၅ ဒီဇင်ဘာ
တတိယအကြိမ် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ယဉ်ကျေးမှုပြတိုက်ဝင်းအတွင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံနှင့် ထားဝယ် အမျိုးသားအလံတို့အား အလေးပြုကြပြီး ပျော်ဘွယ် ဘုန်းတော်ကြီးကျောင်းမှ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိသုန္ဒရက သြဝါဒကထာ စကားမြွက်ကြားသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က အမှာစကားပြောကြားရာတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ထားဝယ်အမျိုးသားညီလာခံကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ထားဝယ်အမျိုးသားနေ့ကို သတ်မှတ်နိုင်ခဲ့ကြောင်း၊ ထားဝယ်အမျိုးသားနေ့ကို ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် တတိယအကြိမ်တိုင် ရောက်ရှိလာပြီဖြစ်ကြောင်း၊ ယခုနှစ်တွင်အမျိုးသားနေ့ အခမ်းအနားကျင်းပမှုကို ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ တနင်္သာရီတိုင်းဒေသကြီးအတွင်း နေရာ(၃၀)ကျော်အထိ ဖြန့်ကျက်ပြီး ပြုလုပ်နိုင်ခြင်းသည် ထားဝယ်လူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဖော်ထုတ်ပြသလိုက်ခြင်း ဖြစ်ကြောင်း၊ နောင်လာမည့်နှစ်များတွင်လည်း ယခုထက်မကသော အခင်းအကျင်းများဖြင့် အမျိုးသားနေ့ အခမ်းအနားများကို ကျင်းပနိုင်ပါစေကြောင်း ပြောကြားသည်။
ယင်းနောက် ထားဝယ်လူမျိုး စုစည်းမှုကော်မတီ ဦးစီးနာယက ဂုဏ်ထူးဆောင်ဉက္က ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) ဦးတင်မြက Video Conferencing ဖြင့် ထားဝယ်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဉက္က ဦးတီခွန်မြတ်ထံမှ ပေးပို့လာသော သဝဏ်လွှာအား တိုင်းဒေသကြီးလွှတ်တော် ဉက္က ဦးခင်မောင်အေး ကလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့လာသော သဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက လည်းကောင်း၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ထံမှ ပေးပို့လာသော သဝဏ်လွှာအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာ ကလည်းကောင်း၊ ထားဝယ်အသင်း(မော်လမြိုင်)မှ ပေးပို့သော သဝဏ်လွှာအား အတွင်းရေးမှူး ဦးညွှန့်ဝင်းက လည်းကောင်း၊ ထားဝယ်လူမျိုး တိုးတက်ရေးအသင်း (ထိုင်းနိုင်ငံ)မှ ပေးပို့လာသော သဝဏ်လွှာအား ဒုတိယဉက္က ဦးကျော်လွင်က လည်းကောင်း ဖတ်ကြားကြသည်။
ယင်းနောက် ထားဝယ်လူမျိုးစုစည်းမှုကော်မတီ ဉက္က ဦးအောင်မျိုးက ကျေးဇူးတင်စကား ပြောကြားပြီး ထားဝယ်အမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် အလှူငွေကျပ်(၁)သိန်းကို ထားဝယ်လူမျိုးစုစည်းမှုကော်မတီ နာယက ဦးအောင်မြင့်နှင့် ဇနီးတို့က ပေးအပ်ရာ နာယက ဦးထွန်းကြည်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ထားဝယ်အမျိုးသားနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ကူညီပေးသော တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)


