ထားဝယ်၊ ၁၅ ဒီဇင်ဘာ

တတိယအကြိမ် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့၊ ယဉ်ကျေးမှုပြတိုက်ဝင်းအတွင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်​ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ​တော်အလံနှင့် ထားဝယ် အမျိုးသားအလံတို့အား အ​လေးပြုကြပြီး ပျော်ဘွယ် ဘုန်းတော်ကြီးကျောင်းမှ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိသုန္ဒရက သြဝါဒကထာ စကားမြွက်ကြားသည်

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က အမှာစကားပြောကြားရာတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ထားဝယ်အမျိုးသားညီလာခံကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ထားဝယ်အမျိုးသားနေ့ကို သတ်မှတ်နိုင်ခဲ့ကြောင်း၊ ထားဝယ်အမျိုးသားနေ့ကို ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် တတိယအကြိမ်တိုင် ရောက်ရှိလာပြီဖြစ်ကြောင်း၊ ယခုနှစ်တွင်အမျိုးသားနေ့ အခမ်းအနားကျင်းပမှုကို ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ တနင်္သာရီတိုင်းဒေသကြီးအတွင်း နေရာ(၃၀)ကျော်အထိ ဖြန့်ကျက်ပြီး ပြုလုပ်နိုင်ခြင်းသည် ထားဝယ်လူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဖော်ထုတ်ပြသလိုက်ခြင်း ဖြစ်ကြောင်း၊ နောင်လာမည့်နှစ်များတွင်လည်း ယခုထက်မက​သော  အခင်းအကျင်းများဖြင့် အမျိုးသားနေ့ အခမ်းအနားများကို ကျင်းပနိုင်ပါစေကြောင်း ပြောကြားသည်။

ယင်းနောက် ထားဝယ်လူမျိုး စုစည်းမှုကော်မတီ ဦးစီးနာယက ဂုဏ်ထူးဆောင်ဉက္က ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) ဦးတင်မြက Video Conferencing ဖြင့် ထားဝယ်အမျိုးသား​နေ့ ဖြစ်​ပေါ်လာပုံအ​ကြောင်း​ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်​ထောင်စုလွှတ်​တော် နာယက၊ ပြည်သူ့လွှတ်​တော် ဉက္က ဦးတီခွန်မြတ်ထံမှ ​ပေးပို့လာ​သော သဝဏ်လွှာအား တိုင်းဒေသကြီးလွှတ်တော် ဉက္က ဦးခင်မောင်အေး ကလည်းကောင်း၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်ထံမှ ​ပေးပို့လာ​သော သဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက လည်းကောင်း၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ထံမှ ပေးပို့လာသော သဝဏ်လွှာအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာ ကလည်းကောင်းထားဝယ်အသင်း(မော်လမြိုင်)မှ​ ပေးပို့​သော သဝဏ်လွှာအား အတွင်းရေးမှူး ဦးညွှန့်ဝင်းက လည်းကောင်း၊ ထားဝယ်လူမျိုး တိုးတက်​ရေးအသင်း (ထိုင်းနိုင်ငံ)မှ ​ပေးပို့လာ​သော သဝဏ်လွှာအား ဒုတိယဉက္က ဦးကျော်လွင်က လည်းကောင်း ဖတ်ကြားကြသည်။

ယင်းနောက် ထားဝယ်လူမျိုးစုစည်းမှုကော်မတီ ဉက္က ဦး​အောင်မျိုးက ကျေးဇူးတင်စကား ပြောကြားပြီး ထားဝယ်အမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် အလှူငွေကျပ်(၁)သိန်းကို ထားဝယ်လူမျိုးစုစည်းမှုကော်မတီ နာယက ဦးအောင်မြင့်နှင့် ဇနီးတို့က ပေးအပ်ရာ နာယက ဦးထွန်းကြည်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်

ဆက်လက်၍ ထားဝယ်အမျိုးသားနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ကူညီပေးသော တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်

ထားဝယ်ခရိုင်(ပြန်/ဆက်)