ထားဝယ်  ၇  မေ

 

ဆင်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ စည်ပင်သာယာဈေးကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ Women Club   ဥက္ကဋ္ဌ ဒေါ်စန်းရီနှင့် အဖွဲ့များက စည်ပင်သာယာဈေးကြီးအတွင်းရှိ ဈေးဝယ်သူများ၊ ဈေးသူ ဈေးသားများနှင့် ခရီးသွားပြည်သူများကို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

1

 

ဆင်တုပ်ကွေးရောဂါလက္ခဏာများမှာ ရုတ်တရက် အဖျားကြီးပြီး အဆစ်အမြစ်ကိုက်ခဲခြင်း၊ ကြွက်သားများ နာကျဉ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့် အင်ပျဉ်၊ အဖုအပိန့်ထွက်ပြီး ယားယံ ခြင်းတို့ဖြစ်ကာ ရောဂါကူးစက်ခံရပြီး ရက်သတ္တပတ်အနည်းအငယ်အတွင်း သက်သာပျောက်ကင်းလေ့ရှိကာ  အသက်အန္တရာယ်စိုးရိမ်ရသော ရောဂါမဟုတ်ကြောင်း ကလျာဏမိတ္တ ပရဟိတဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးအောင်သူရလင်းထံမှ သိရသည်။

 

ဆင်တုပ်ကွေးရောဂါသည် နေ့ပိုင်းတွင် ကိုက်လေ့ရှိသည့် ဆင်တုပ်ကွေးရောဂါပိုး သယ်ဆောင်သော ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်တက်သော ရောဂါဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်လတ်(ပြန်/ဆက်)

 

1