ဩဂုတ် ၂၁
ထောပတ်သီးတင်ပို့ရောင်းချမှု Export ဈေးကွက် ပိုမိုကောင်းမွန်တိုးတက်ရန် လိုအပ်နေကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ထောပတ်သီး စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။
"အရင် ၂၀၁၈/၂၀၁၉ တွေတုန်းကတော့ ပြည်ပတင်ပို့ရောင်းချမှုတွေ တွင်ကျယ်ခဲ့တာပေါ့။ အခုနောက်ပိုင်းတော့ မြန်မာနိုင်ငံတွင်းမှာပဲ ရောင်းချကြတာများတယ်။ အခုနောက်ပိုင်း (၂)နှစ်အတွင်းမှာတော့ ဘန်ကောက်ဘက်ကို တင်ပို့မှုရှိလာတယ်။ ပြီးခဲ့တဲ့ (၂၁)ရက်နေ့ကပဲ တစ်ကြိမ်တင်ပို့ဖြစ်ပါသေးတယ်။ အခု ဈေးကွက်လေး နည်းနည်းပြန်ကောင်းလာတဲ့ သဘောပေါ့။ ထောပတ်သီးဈေးကွက်က ပြည်ပတင်ပို့မှု ထွက်ပေါက်ရှိမှလည်း အဆင်ပြေမယ်။ ဈေးကွက်အခုထက် ပိုကောင်းလာဖို့ လိုအပ်နေပါသေးတယ်"ဟု ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု၊ နမ့်လီသပြေကုန်းရွာမှ ဦးခွန်ဇော်ထွန်းက ပြောသည်။
အရည်အသွေးနှင့် ဝယ်လိုအားအပေါ် မူတည်ပြီး ထောပတ်သီး တစ်ကီလိုလျှင် (၂၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်အတွင်း ဈေးနှုန်းရရှိနေကြောင်း သိရသည်။
"ထောပတ်ပင်တွေကို စီးပွားဖြစ် စိုက်ပျိုးဖြစ်ခဲ့တာကတော့ ဘာပဲလုပ်လုပ် ရင်းနှီးမြှုပ်နှံတဲ့သဘောနဲ့ လုပ်ချင်တာဆိုတော့ နှစ်ရှည်ပင်တွေစိုက်ပျိုးပြီး ရင်းနှီးမြှုပ်နှံဆိုရင် ရေရှည်အတွက် ကောင်းမယ်လို့ ယူဆလို့ပါ။ နှစ်ရှည်ပင်ဆိုတော့ နှစ်စဉ်ပုံမှန်လေး ပြုစုစောင့်ရှောက်ပေးမယ်ဆိုရင် သက်တမ်းရင့်လာလေလေ ပုံမှန်ဝင်ငွေပေးပါတယ်။ ဒေသမျိုးလည်း စိုက်ထားတယ်။ အမေရိကန် ကယ်လ်ဖိုးနီးယားမျိုးကို ကိုင်းဆက်စနစ်နဲ့ စိုက်ပျိုးနေတာလည်း ရှိပါတယ်။ ဈေးကွက်ပိုင်း ပိုမိုတိုးတက်ဖို့အတွက်တော့ အဘက်ဘက်က ကူညီစောင့်ရှောက် ဝိုင်းဝန်းပံ့ပိုးပေးမှုတွေ လိုအပ်နေပါတယ်။ စိုက်ပျိုးရေးဆိုင်ရာ အသင်းအဖွဲ့တွေအနေနဲ့ရော၊ နိုင်ငံတော်ဌာနဆိုင်တွေအနေနဲ့ရော ထောပတ်ဈေးကွက်ကို တတ်စွမ်းသလောက် ဝိုင်းကူညီပံ့ပိုးပေးမယ်ဆိုရင်တေ့ အကောင်းဆုံးပါပဲ"ဟု ၎င်းက ဆက်လက်ပြောသည်။
ထောပတ်ပင်ကို ကိုင်းကူးကိုင်းဆက်စနစ်ဖြင့် စိုက်ပျိုးပါက အချိန်(၂)နှစ်အတွင်း ပန်းပွင့်ကာ အသီးစတင်နိုင်ပြီး ရိုးရိုးအစေ့ပျိုးပင်ဖြင့် စိုက်ပျိုးပါက အချိန်(၃)နှစ်အတွင်း ပန်းပွင့်ကာ အသီးစတင်နိုင်သည်။ စီးပွားဖြစ် တင်ပို့ရောင်းချမည့် အသီးအရည်အသွေးမျိုးကို ရရှိရန်မူ စစိုက်ပျိုးသည့်နှစ်မှ (၅)နှစ်နှင့်အထက် အချိန်ကာလကြာမြင့်နိုင်ကြောင်း သိရှိရသည်။
နန်းထက်ထက်ချစ်