ထီးချိုင့် ၂၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုကြောင့် ရေဘေးရှောင်ယာယီစခန်းများသို့ ရေဘေးရှောင်အိမ်ထောင်စုများ ထပ်မံရောက်လျက်ရှိကြောင်း သိရသည်။
ဧရာ၀တီမြစ်ရေ ပြန်လည်မြင့်တက်လာမှုကြောင့် ထီးချိုင့်မြိုနယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ထပ်မံတင်ပြလာသည့် စာရင်းများအရ အမှတ်(၄)ဘုရင်နောင့်ရပ်ကွက် အပါအဝင် မောင်းကုန်းကျေးရွာ၊ အုတ်ဆုံကျေးရွာ၊ ဖုန်ကုန်းကြီးကျေးရွာ၊ ဘူကြီးကုန်းကျေးရွာများမှ စုစုပေါင်းအိမ်ထောင်စု (၄၃)စု၊ လူဦးရေ (၁၇၇)ဦးတို့သည် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ နီးစပ်ရာဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။
ထိုသိုရွှေ့ပြောင်းရာတွင် ဇူလိုင် ၂၅ ရက်အထိ စာရင်းကောက်ခံချက်အရ အိမ်ထောင်စု (၁၈၇)စု လူဦးရေ (၈၀၅)ဦး ရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်း သိရသည်။
ထီးချိုင့်မြို့၏ စိုးရိမ်ရေအမှတ်သည် ၇၄၀ စင်တီမီတာရှိရာ ယနေ့ နံနက် ၆ နာရီ ဧရာဝတီမြစ်ရေ တိုင်းထွာချက်မှာ ၇၆၈ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)


