ထီးလင်း   ၂၇   နိုဝင်ဘာ          

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပုဏ္ဏားကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ကွင်းအမှတ်(၂၁၉) တောင်သူဦးတင်ရှိန်၏ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းအား ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့သည်။

 

အဆိုပါ မိုးစပါးမျိုးစေ့ထုတ် ဆင်းသုခ စပါးမျိုးကို ထီးလင်းမြို့နယ်၏ ရေမြေနေရာဒေသ ရာသီဥတုနှင့် ကိုက်ညီသော မျိုးစေ့များ ရရှိစေရန်၊ အထွက်နှုန်း ပိုမိုတိုးတက်ကောင်းမွန်စေရန်နှင့် စားသုံးမှု အရည်အသွေး ကောင်းမွန်စေရန် ရည်ရွယ်၍ စိုက်ပျိုးထားခြင်းဖြစ် ပြီးမျိုးကွဲနှုတ်ပယ်ခြင်း (၃)ကြိမ် ဆောင်ရွက်ပြီး၍ မျိုးကွဲများ၊ ပေါင်းမြက်များ ကျန်ရှိမှုမရှိစေ ရေးကွင်းဆင်း စစ်ဆေးခဲ့သည်။ ထီးလင်းမြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ် ဆင်းသုခ စပါးမျိုးကို ပုဏ္ဏားကျေးရွာတွင် တောင်သူ(၇)ဦးက (၅)ဧက၊ သရခါကျေးရွာတွင် တောင်သူ(၂)ဦးက (၅)ဧကနှင့်အကြည်ဝါးဘင်း ကျေးရွာတွင် တောင်သူ(၁၂၇)ဦးက (၂၀၀)ဧက၊ စုစုပေါင်း စိုက်ဧက(၂၁၀)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်း ကွင်းဆင်းစစ်ဆေးရာတွင် ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်မင်းသန့်၊ ထီးလင်းမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ဌာနဆိုင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထူးနှင့် စိုက်ပျိုးရေး ဝန်ထမ်းများ၊ ကျေးရွာရှိတောင်သူများ တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)