ကော့သောင်း    ၁၁     ဇွန်

(၁၄)ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်လူကုန်ကူးမှုများ ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံး  Border Cooperation on Anti-Trafficking in Persons  (BCATIP) အစည်းအဝေးတစ်ရပ်  ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့ The Heritage Grand Covnvention တွင် ထိုင်းနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပခဲ့သည်။    

 

mdn

 

အစည်းအဝေးတွင် ထိုင်းနိုင်ငံ လူပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားလုံခြုံရေး ဆိုင်ရာဌာန၊ ရနောင်းခရိုင် ဌာနမှူး၊ ရနောင်း-ကော့သောင်း (BCATIP) ဥက္ကဌ မစ္စ ဝမ်နီဒါ စန်နာမစ် Mrs.Wanida Samanmit နှင့် မြန်မာနိုင်ငံ ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူး ကော့သောင်း-ရနောင်း (BCATIP) ဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး မျိုးထွန်းဦးတို့က အဖွင့် အမှာစကား အသီးသီး ပြောကြားခဲ့သည်။

 

ဆက်လက်၍ အစည်းအဝေး တက်ရောက်ကြသည့်  မြန်မာ(ကော့သောင်း)-ထိုင်း(ရနောင်း) နှစ်နိုင်ငံ နယ်စပ်ဒေသ လူကုန်ကူးမှုများ ပူးပေါင်းတိုက်ဖျက်ရေး  ဌာနဆိုင်ရာများနှင့် NGO အဖွဲ့အစည်း ကိုယ်စားလှယ်များ  အပြန်အလှန်တင်ပြ ညှိနှိုင်းဆွေးနွေးရာတွင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ဖြစ်ပွားလေ့ရှိသည့် လူမှောင်ခို လူကုန်ကူးမှုပြသနာများ၊ စွန့်ပစ်ခံရသည့် ကလေးငယ်များကို သက်ဆိုင်ရာအုပ်ထိန်းသူများအား ရှာဖွေဆက်သွယ် ဆောင်ရွက်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊  ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများ၊ ရေလုပ်သားနှင့် ရေလုပ်ငန်းနှင့်ဆက်နွယ်သည့် စက်ရုံလုပ်သားများအား ကာကွယ် စောင့်ရှောင်မှု ဆိုင်ရာကိစ္စများ၊ တဖက်နိုင်ငံအတွင်း တရားဝင်လုပ်ကိုင်ကြသည့် မြန်မာ ရွေ့ပြောင်းအလုပ်သမားနှင့် အလုပ်ရှင်ပြသနာများ ၊ ငါးဖမ်းလှေလုပ်သားပြသနာများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းကိစ္စ  နှင့်မူးယစ်ဆေးဝါးပြသနာများ မဖြစ်ပေါ်ရေး ပူးပေါင်းညှိနှိုင်း ဆွေးနွေးကြသည်။

 

mdn

 

ယင်းနောက် နှစ်နိုင်ငံ(BCATIP) ဥက္ကဋ္ဌများ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ 

 

ထို့နောက် မွန်းလွဲပိုင်းတွင် နှစ်နိုင်ငံ တာဝန်ရှိအဖွဲ့အစည်းများမှ  ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

 

ကျော်စိုး (ကော့သောင်း)