နေပြည်တော် နိုဝင်ဘာ ၂၃

ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်လာရောက်သော ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် ဇနီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ရောက်ရှိ လာရာတပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစစ်သံမှူးနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် သူရဲကောင်းဗိမာန်(နေပြည်တော်) သို့သွားရောက်၍ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းဖြင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်စွန့်ခဲ့ကြသူများအား အလေးပြုကြပြီး ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်မှ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။

အဆိုပါ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul အား ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံလေတပ်အရာရှိများအား အပြန်အလှန်မိတ်ဆက်ပေးကြပြီး ထိုင်းဘုရင့်လေတပ် ဦးစီးချုပ်က ဘုရင့်နောင်ရိပ်သာ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့နှင့် ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေး သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးခရီးစဉ်အဖြစ် အပြန်အလှန်လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်းသား စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံလေတပ်နှစ်ရပ်အကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရချိန် ကူညီကယ်ဆယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာအချက် အလက်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ် (Humanitarian Assistance and Disaster Relief-HADR) ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်တို့သည်  အထိမ်းအမှတ်တံဆိပ်များအပြန် အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်(လေ)မှ အရာရှိကြီးများ၊ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့် ထိုင်းဘုရင့်လေတပ်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ညနေပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲကို Jasmine ဟိုတယ်ရှိ ပုဂံဆောင်၊ ကစ္ဆပနဒီခန်းမ၌ ပြုလုပ်ရာ ထိုင်းဘုရင့်လေတပ် ဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တပ်မတော် (လေ)မှ အရာရှိကြီးများ တက်ရောက်ကာ ညစာကိုအတူတကွ ရင်းရင်းနှီးနှီးသုံးဆောင်ခဲ့ကြပြီး ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ဖျော်ဖြေရေးအဖွဲ့များက တေးသံသာများဖြင့် ဖျော်ဖြေကြသည်။

ထို့ပြင် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့် ဇနီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ဆင်ဖြူတော်များအား သွားရောက်လေ့လာကြည့်ရှုခြင်းနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညိုခဲ့ပြီး ကျောက်စာရုံစေတီတော်များနှင့် သာသနိကအဆောက်အဦများအား လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်