ရန်ကုန် ၁၇ မေ
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ခြင်းနှင့် စီးပွားရေးချိတ်ဆက်တိုးမြှင့်ခြင်း အစီအစဉ်အရ ထိုင်းနိုင်ငံ အခြေစိုက်ထုတ်လုပ်သော လူသုံးကုန်ပစ္စည်း အမျိုးအမည် (၁၅၀) ကျော် ဆိုင်ခန်းပေါင်း တစ်ရာကျော်ဖြင့် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ မေ ၁၆ နံနက် ၉ နာရီ က စတင်ကာ ထိုင်းနိုင်ငံသားများ ကိုယ်တိုင်လာရောက် ခင်းကျင်းပြသဖွင့်လှစ် ရောင်းချလျက် ရှိကြောင်း သိရသည်။
ဈေးအရောင်းပြပွဲကြီး၏ တာဝန်ခံ ဒါရိုက်တာ ဒေါ်ရွှေစင်က "ကျွန်မတို့ ဒီပွဲမျိုး ရန်ကုန်မှာ ကျင်းပလာခဲ့တာ ခုဆို ၅ ကြိမ်မြောက်ပေါ့။ ခင်ကျင်းပြသထားတဲ့ ဆိုင်ခန်းအများစုဟာ ထိုင်းကုမ္ပဏီများက ထုတ်လုပ်တဲ့ ဓာတုဆေးဝါးမပါတဲ့ စားသောက်ကုန် အလှကုန်ရယ်နဲ့ ကိုယ်တိုင် ရက်လုပ်တဲ့ ဖက်ရှင်ဒီဇိုင်းဆန်းဆန်း အဝတ်အထည် ချည်ထည် ပိုးထည်တွေပါ။ ထိုင်းနိုင်ငံသားများကိုယ်တိုင် တည်ခင်းရောင်းချပေးနေတာဖြစ်ပါတယ်။ အဓိကအချက်က ထိုင်းနိုင်ငံကိုယ်စားလှယ်များနဲ့ တွေ့ဆုံဆွေးနွေးပြီး နည်းပညာဖလှယ်လို့ရပါတယ်။ မိမိကြိုက်နှစ်သက်လို့ ကိုယ်စားလှယ် ရယူလိုခဲ့ရင် လွယ်ကူနိုင်ပါတယ်။ ဒီအတွက်စီစဉ်ထားတာပါ" ဟုပြောသည်။

အဆိုပါ ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းအရောင်း ပြပွဲကြီးကို ယနေ့မှစ၍ မေ ၁၉ ရက်ထိနေ့စဉ် နံနက် (၉) နာရီမှ ညနေ (၆) နာရီတိုင် ဖွင့်လှစ်ထားမှာဖြစ်ပြီး တေးဂီတအဆိုရှင် ဇွဲပြည့်၊ ကောင်းကောင်း၊ ပူစူး၊ မင်းဇေယျ၊ မင်းတင်ဦးချို၊ နေထူး၊ သက်စုနဒီ၊ အခြားသောအဆိုတော်များ နှင့် Models & Dancer ရှိုးများဖြင့် နေ့စဉ်ဖျော်ဖြေမှုများကိုလည်း အခမဲ့ကြည့်ရှုရမှာဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံက သန့်ရှင်းလတ်ဆတ်သော သစ်သီး၊ အဖျော်ရည်များလည်း အခမဲ့သုံးဆောင်နိုင်မှာဖြစ်ကြောင်း နှိုးဆော်ထားသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး