မြဝတီ ၂၂ စက်တင်ဘာ
ယနေ့ နံနက်(၆)နာရီမှ နေ့လယ် (၁၂) နာရီအချိန်အထိတွင် မြဝတီမြို့ ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ်(၂)ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံ ခရိုင်ဒေသအသီးသီးမှ မြန်မာရွှေ့ ပြောင်းအလုပ်သမားများသည် မိမိအစီအစဉ်များဖြင့် ပြန်လည်ဝင်ရောက်လာရာ အမျိုးသား(၁၂၁) ဦးနှင့် အမျိုးသမီး(၈၁)ဦး စုစုပေါင်း(၂၀၂)ဦးဖြစ်သည်။
ပြန်လည်ဝင်ရောက်လာသူ အများစုသည် ကိုယ်ဝန်ဆောင်မိခင်များ နှင့် ကလေးငယ်များ၊ ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ကြသူများနှင့် စက်ရုံလုပ်ငန်းများ ကာလကြာရှည်စွာ ပိတ်ထားသဖြင့် အလုပ်နည်းပါးလာသောကြောင့် ပြန်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ နေရပ်ပြန် မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရှိရပါသည်။
ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို မြဝတီမြို့နယ် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် ၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့်အဖွဲ့ဝင်များမှ လာရောက် ကြိုဆိုခဲ့ပြီး အဝင်အထွက်ဂိတ်မှာ တာဝန်ထမ်းဆောင်နေကြသည့် တာဝန်ရှိသူများက လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောပြခဲ့ပြီး နောက် ကျန်းမာရေးစစ်ဆေးမှုများနှင့် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ စစ်ဆေးခြင်း ၊ ကိုယ်အပူချိန် တိုင်းတာခြင်းလည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အပြင် လမ်းခရီးမှာ စားသောက်နိုင်ရန် World Food Programme (WFP) မှ ထမင်းဟင်းဘူးနှင့် သောက်ရေသန့်များကို ဝေငှပေးသည်။
ယင်းပြန်ဝင်ရောက်လာသော သူများကို မြဝတီခရိုင် တာဝန်ရှိသူများက ထိုင်းနိုင်ငံ နယ်စပ်ဂိတ် မဲဆောက်မြို့ဘက်ခြမ်းသို့ သွားရောက် ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာဒေသ Quarantine Center သို့ (၁၄) ရက်ထားရှိရန် စီစဉ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ညနေပိုင်းလည်း ဆက်လက်ဝင်ရောက်လာရန် ရှိနေသေးကြောင်း သိရသည်။
#MRTV