အရာတော် ၁၀ မေ
မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းသားများကို ထိုင်းနိုင်ငံသို့ စိုက်ပျိုးမှုဆိုင်ရာ လေ့လာနိုင်ရန် စေလွှတ်သွားမည်ဖြစ်ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။
ထိုင်းနိုင်ငံ၏ စိုက်ပျိုးမှုဆိုင်ရာများလေ့လာနိုင်ရန်အတွက် အသင်းသား ရှစ်ဦးကို စိစစ်ရွေးချယ်ပြီး ဇူလိုင်လအတွင်း စေလွှတ်သွားမည်ဖြစ်ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးကျော်မိုးက ပြောသည်။
" ထိုင်းနိုင်ငံ၊ ဗန်ကောက်ကို အော်ဂဲနစ်စိုက်ပျိုးနည်းပညာနဲ့ ပတ်သက်ပြီးစေလွှတ်မယ်။ ရည်ရွယ်ချက်ကတော့ မြန်မာ့သနပ်ခါး စိုက်ပျိုးနည်းတွေ မြင့်တက်လာအောင်ပါ။ နောက်ပြီးတော့ သနပ်ခါးစစ်စစ်နဲ့ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်အောင် သင်တန်းတွေပေးမယ် "ဟု ၎င်းကပြောသည်။
ထို့အပြင် မေ ၁၈ ရက်၊ ၁၉ ရက်တို့တွင် ရွာငံဒေသသို့ GI အခြေခံသင်းတန်းကို ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်သည့်အပြင် GAP စနှစ်ဖြင့်ကော်ဖီစိုက်ပျိုးမှုများကို လေ့လာမည်ဖြစ်ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက ပြောသည်။
မြန်မာ့သနပ်ခါး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိတွင် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် HELVETAS MYANMAR နှင့် မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း အသင်းက ဦးစီး၍ မြန်မာ့သနပ်ခါး ဖွံ့ဖြိုးတိုးတက်ရေအတွက် သနပ်ခါးနေ့၊ သနပ်ခါးပွဲတော်၊ သနပ်ခါးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကိုမင်း(အင်းတော်)