နေပြည်တော် ဒီဇင်ဘာ ၁၃

အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းများ၏ သတင်းအတတ်ပညာဆိုင်ရာ အခြေခံရက်တို သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန သင်တန်းခန်းမ၌ကျင်းပရာ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ General Life News Agency မှ သင်တန်းတာ ဝန်ခံများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အလုပ်သမားဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် နိုင်ငံတော်နှင့် ပြည်သူ့အတွက် အကျိုးရှိသည့်သတင်းများ၊ ပြည်သူများ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေးနှင့် လူမှုကွန်ရက်စာမျက်နှာတွင် အလုပ်သမားရေးရာကိစ္စများနှင့် ပတ်သက်၍ သတင်းတု သတင်းမှား ဖော်ပြနေမှုများအား သတင်းအမှန်များ အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် သတင်းအတတ်ပညာပိုင်းဆိုင်ရာများကို ကြိုးစားလေ့လာသင်ယူကြရန်နှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဖြင့် မိမိ၏စွမ်းရည်နှင့် ကျွမ်းကျင်မှုများကို မြှင့်တင်ရမည်ဖြစ်ကြောင်းပြောကြားပြီး  General Life News Agency မှ သင်တန်း တာဝန်ခံများ၊ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပသည့် ထိုင်းနိုင်ငံ တွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) စာအုပ်ထုတ်ပေးရေး စခန်းများတွင် သွားရောက်တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများ လုပ်ငန်းခွင်အကြို သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။ 

ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အလုပ်သမားများအား မြန်မာနိုင်ငံသို့ ပြန်ရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်း၌ အထောက်အထားရရှိရေး ဆောင်ရွက် ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်နှင့် အချိန်ကုန်သက်သာစေရန် CI စာအုပ်ထုတ်ပေးခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များအားကူညီစောင့်ရှောက်ပေးရန် သွားရောက်ခြင်း ဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ လမ်းညွှန်မှု၊ အလုပ်သမား သံအရာရှိ၏ ကြီးကြပ်မှုဖြင့် Team Work အဖြစ်စုစည်း၍ လုပ်ငန်းစဉ်များကို  အကောင်းဆုံး ဝန်ဆောင်မှုပေးရမည်ဖြစ်ကြောင်း  ပြောကြားသည်။ 

ယခုနှစ် ဇူလိုင် ၅ ရက် ထိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ ထိုင်းအလုပ်ရှင်များမှ အမည်စာရင်း တင်သွင်းထားသည့် မြန်မာအလုပ်သမား ၉ သိန်းခန့်ရှိပြီး အဆိုပါအလုပ်သမားများအား ထိုင်းနိုင်ငံတွင် ဖွင့်လှစ်မည့် CI စခန်း(၅)ခုနှင့် Mobile Unit ၃ ခုတွင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနမှ စုစုပေါင်း အရာထမ်း၊ အမှုထမ်း၄၀ နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၃ ဦးတို့ တာဝန်ထမ်းဆောင်နိုင်ရေး စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်