၄ နိုဝင်ဘာ
ထိုင်ဝမ် (တရုတ်-တိုင်ပေ) ၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး စာချုပ်သက်တမ်း ကျော်လွန်နေသည့် မြန်မာသင်္ဘောသားများ၊ အလုပ်အကိုင် ဆက်လက်လုပ်ကိုင်ရန် အခက်အခဲ ရှိနေသူများ၊ မိသားစုများထံ အလည်အပတ်လာရောက်သူများ၊ ပညာသင်ကာလပြီးဆုံးသော ကျောင်းသားများသည် လေကြောင်းသွားလာမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် သောင်တင်နေကြရာ နေရပ်သို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် ဆဋ္ဌမအကြိမ်မြောက် တိုင်ပေ-ရန်ကုန် လေယာဉ်ခရီးစဉ်ကို Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး အနေဖြင့် သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယနေ့ နံနက် ၇ နာရီချိန်တွင် တိုင်ပေမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းသည့် China Airlines လေကြောင်း ပျံသန်းအမှတ် CI-7915 ကုန်တင်လေယာဉ်ဖြင့် သင်္ဘောသား (၁၂၃) ဦး၊ ပညာသင်ပြီးဆုံးသည့် ကျောင်းသားများနှင့် အလုပ်အကိုင် ဆက်လက်လုပ်ကိုင်ခွင့် မရရှိသော သူများ၊ မိသားစုများထံ အလည်အပတ်ရောက်ရှိပြီး သောင်တင်နေသူ (၁၇) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၄၀) ဦးသည် မြန်မာနိုင်ငံသို့ ချောမောစွာ ပြန်လည်ထွက်ခွာသွားသည်။

အဆိုပါ ခရီးသည်များအနက် မြန်မာသင်္ဘောသားများ တာဝန်ထမ်းဆောင်လျက်ရှိသည့် သင်္ဘောမှာ ဝါယာရှော့ခ်ဖြစ်ပွားမှုကြောင့် သင်္ဘောမီးလောင်သွားသဖြင့် နိုင်ငံကူးလက်မှတ် ပျက်စီးပျောက်ဆုံး သွားသည့် သင်္ဘောသား (၅) ဦးကိုလည်းကောင်း၊ သင်္ဘောတစ်စင်းမှ အခြားတစ်စင်းသို့ ပြောင်းလဲ တာဝန်ထမ်းဆောင်စဉ် ပင်လယ်ပြင်တွင်းသို့ နိုင်ငံကူးလက်မှတ်များ ကျပျောက် ဆုံးရှုံးသွားသည့် မြန်မာသင်္ဘောသား (၉) ဦးကိုလည်းကောင်း တစ်ကြိမ်တစ်ခါသုံး မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) များ ထုတ်ပေး၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် အဆိုပါဒေသမှ နေရပ်ပြန်လိုသည့် သင်္ဘောသားများနှင့် မြန်မာနိုင်ငံသားများအတွက် ယခုလေယာဉ်ခရီးစဉ် အပါအဝင် လေယာဉ်ခရီးစဉ် (၆) ကြိမ်တိတိ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကာ မြန်မာနိုင်ငံသား စုစုပေါင်း (၅၀၃) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရသည်။
#နိုင်ငံခြားရေးဝန်ကြီးဌာန
