ပွင့်ဖြူ ၂၅ ဇူလိုင်
သစ်တောပြုန်းတီးမှုများ လျှော့ချသွားနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းထွေးနှင့် ဝန်ထမ်းများအဖွဲ့က ဇူလိုင် ၂၅ ရက်၊ ယနေ့ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာအုပ်စု ဖျောက်ဆိပ်ကုန်းကျေးရွာ ရွာလယ်ဓမ္မာရုံသို့ သွားရောက်ပြီး ထင်းအစား အခြားလောင်စာသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လူထုအသိပညာပေး ဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းထွေးက နိုင်ငံတစ်ဝန်း စည်းကမ်းမဲ့ သစ်ခုတ်ခြင်းများကြောင့် သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်ကာ သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ပြည်သူများကြုံတွေ့နေရခြင်းဖြစ်ကြောင်း၊ သစ်တောသစ်ပင်များကို ကာကွယ်ထိန်းသိမ်းသွားကြရန်နှင့် စည်းကမ်းမဲ့ သစ်ခုတ်လှဲခြင်းများ ရှောင်ကြဉ်ရန်နှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုး ဆောင်ရွက်သွားကြစေလိုကြောင်း၊ ထို့အပြင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် သစ်တောပြုန်းတီးမှုများ လျော့ချနိုင်ရန်အတွက် အေဝမ်းမီးဖိုများကို အသုံးပြု၍ ထင်းအစား အခြားလောင်စာများကို ပြောင်းလဲသုံးစွဲကြစေလိုကြောင်း ပညာပေး ဆွေးနွေး ဟောပြောသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက အေဝမ်းမီဖို သုံးစွဲပုံနည်းစနစ်များနှင့် ထင်းလောင်စာ လျှော့ချနိုင်ရေး လိုက်နာရန် နည်းစနစ်များကို ဆွေးနွေးမေးမြန်းရာ ဦးစီးအရာရှိ ဦးဇော်ဝင်းထွေးက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ ယင်းနောက် ဝန်ထမ်းများအဖွဲ့က တက်ရောက်လာသူများကို အေဝမ်းမီးဖို ၁၀ လုံး အား မဲစနစ်ဖြင့် အခမဲ့ ဖြန့်ဝေပေးပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို ဝေငှပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပညာပေးဟောပြောပွဲသို့ ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာအုပ်စု ဖျောက်ဆိပ်ကုန်းကျေးရွာမှ ဒေသခံ ကျေးလက်နေပြည်သူ ၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)



