ထန်တလန် ၉  စက်တင်ဘာ

 

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပြည်ပနိုင်ငံများမှ နေရပ်ပြန်လာသူများနှင့် ရောဂါပိုးတွေ့ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်များမှ ပြန်လည်ရောက်ရှိလာသူများအား Community Base Facility Quarantine ထားရှိရန်အတွက် ပြင်ဆင်ထားသည့် ထန်တလန်မြို့အမှတ်(၃) ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံ အဆောက်အအုံ အတွင်းရှိ အခန်းအကာအရံများနှင့်ကုတင်များအား ဖျက်ဆီးခံရကြောင်း သိရသည်။

 

အဆိုပါဖျက်ဆီးခံရသည့်နေရာသို့ စက်တင်ဘာ ၈ ရက် ညနေ ၆ နာရီက ထန်တလန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြပြီး Community Base Facility Quarantine နေရာအဖြစ် ဆက်လက်အသုံးပြုနိုင်ရန်အတွက်  ပြန်လည်ပြုပြင်ရမည့် လုပ်ငန်းများကို အမြန်ဆုံးပြုပြင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

 

 Community Base Facility Quarantineထားရှိရန်အတွက် ပြင်ဆင်ထားသည့် မိုးလုံလေလုံ အားကစားရုံ အဆောက်အအုံအတွင်းရှိ လူနေအခန်း အကာအရံများနှင့် ကုတင်များကို ဖျက်ဆီးသူများအား အမြန်ဆုံးစုံစမ်းဖော်ထုတ်၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

မြို့နယ်(ပြန်/ဆက်)