ထန်တလန်   ၁၃   ဩဂုတ်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ပြည်သူများ အပိုဝင်ငွေရရှိသည့် အိမ်မွေးဝက်သည် Porcine Circovirus Type-2 (PCV-2) ကြောင့် သေဆုံးမှုဖြစ်ပွားလျက်ရှိရာ ဧပြီ ၂၀ ရက်မှ ယနေ့အထိ ဝက်ကောင်ရေ (၁၃၆၀)သေဆုံးမှုဖြစ်ပွားလျက်ရှိကြောင်း ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ စာရင်း ကောက်ယူချက်အရ သိရသည်။


ထန်တလန်မြို့ပေါ်တွင် ဝက်သေဆုံးမှုရောဂါအခြေအနေနှင့်ပတ်သက်၍ ချင်းပြည်နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် ရောဂါတိတိကျကျသိရှိနိုင်ရန်အတွက် ကျန်းမာရေးမကောင်းသည့် အိမ်မွေးဝက် (၃)ကောင်၏ သွေးနမူနာ (Blood Sample) များရယူပြီး မန္တလေးတိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းသို့ ပေးပို့ခဲ့ရာ နမူနာပစ္စည်းများအား Real Time PCR နည်းဖြင့် ဝက်ဗိုင်းရပ်စ်ရောဂါစစ်ဆေးခဲ့ကာ Porcine Circovirus Type 2 (PCV-2) ရောဂါဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာရုံးမှ သိရသည်။

 

ယင်း Porcine Circovirus Type-2 (PCV-2) ရောဂါသည် အိမ်မွေးဝက်နှင့် တောဝက်များတွင် အဖြစ်များပြီး ရောဂါလက္ခဏာအနေဖြင့် အစာမစားခြင်း၊ အသဲရောင်အသားဝါဖြစ်ခြင်း၊ အပြာကွက်များထခြင်း၊ ရောဂါပြင်းထန်ပြီး အခြားရောဂါများဝင်ရောက်၍ သေဆုံးခြင်း၊ ရောဂါလက္ခဏာမပြဘဲရုတ်တရက်သေဆုံးခြင်း စသည့် ရောဂါ လက္ခဏာများတွေ့ရပြီး အဆိုပါ သေဆုံးလျက်ရှိသည့် ဝက်များသည် ထန်တလန်မြို့နှင့် (၁)မိုင်ခန့်အကွာသို့ သုံးဘီးယာဉ်ဖြင့်လည်းကောင်း၊ အခြားသောယာဉ်များဖြင့် သယ်ဆောင်၍ စနစ်တကျ မြေမြှုပ်ခဲ့ကြကြောင်း သိရသည်။
 

အဆိုပါ Porcine Circovirus Type-2 (PCV-2)ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မွေးမြူရေးတိရစ္ဆာန် များကို လုံခြုံသောဝင်းခြံဖြင့် သီးခြားထားရှိခြင်း၊ ခြံအတွင်းသို့ လူ၊ ယာဉ်၊ ပစ္စည်း အဝင်အထွက် ထိန်းချုပ်ခြင်း၊ သန့်ရှင်းမှုရှိအောင် ဆောင်ရွက်ခြင်း စသည့် အပိုင်း (၃)ပိုင်းဖြင့် အဓိကထားဆောင်ရွက်ခြင်းဖြင့် ရောဂါကူးစက်မှုကို တားဆီးနိုင်မည်ဖြစ်ကြောင်း ထန်တလန်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)