ထန်တလန်   ၃၀  စက်တင်ဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း Covid-19 ကာလ ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန် Cash For Work စီမံကိန်း ရန်ပုံငွေကျပ် သန်း(၁၀၀)ဖြင့် ကျေးရွာ(၁၀)ရွာတွင် စီမံကိန်းလုပ်ငန်းများကိုလည်းကောင်း ၊ Covid-19 ကာလ စီးပွားရေး ပြန်လည်ကုစားသည့်  အစီအစဉ်အရ ကျေးရွာမတည်ရန်ပုံငွေ (VERP)စီမံကိန်းဖြင့် ကျေးရွာ(၅)ရွာတွင် ချေးငွေထုတ်ချေးပေးမှု စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၅ ရက်က လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်သည်။

 

အဆိုပါ Covid-19 ကုစာရေးအစီအစဉ် Cash For Work စီမံကိန်း ထောက်ပံ့ငွေဖြင့် တောင်ယာသွားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း (၅)ခု၊ ကုန်ထုတ်လမ်း ပြုပြင်ခြင်းလုပ်ငန်း (၁)ခု၊ ရေပိုက်လိုင်းတူးဖော်ခြင်း လုပ်ငန်း (၁)ခု၊ ရေအားလျှပ်စစ်မီးသွားသည့် လမ်းဖောက်လုပ်ခြင်း လုပ်ငန်း(၁)ခု၊ အားကစားကွင်းပြုပြင်ခြင်း လုပ်ငန်း (၂)ခု စုစုပေါင်း လုပ်ငန်း(၁၀)ခုကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ ကျေးရွာမတည်ရန်ပုံငွေ (VERP)စီမံကိန်းဖြင့် Type-1 ကျပ်သိန်း(၃၀၀)ဖြင့် ကျေးရွာ(၁)ရွာ ၊  Type-2 ကျပ်သိန်း(၂၀၀)ဖြင့် ကျေးရွာ (၂)ရွာ ၊  Type-3 ကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာ(၂)ရွာ စုစုပေါင်း ကျေးရွာ(၅)ရွာတွင် ချေးငွေများ ထုတ်ချေးပေးမှု ဆောင်ရွက်ပြီး ယခုအခါ ကျေးရွာနေပြည်သူများမှ မတည်ရန်ပုံငွေစီမံကိန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း ၊ အရောင်းအဝယ်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး ကျေးလက်နေပြည်သူများ၏ စားဝတ်နေရေး များစွာ အထောက်အကူပြုကြောင်း ထန်တလန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

နော်သူလင်း