ထန်းတပင်(ရန်ကုန်)      ဇွန်      ၁၀

 

ရန်ကုန်(မြောက်ပိုင်း)ခရိုင်၊ ထန်းတပင်မြို့နယ်တွင် အရည်အသွေးကောင်းမွန်သော စံပြကွက်များ ဖြစ်စေရေးအတွက် ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာ၊ ကွင်းအမှတ်(၁၇၆-ခ)ရှိ လယ်ယာ မြေဧက ၁၅ဝ ကို စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေများအဖြစ် ပြောင်းလဲအကောင်အထည်ဖော် ဆောင်ရွက်ထားရှိပြီး  အဆိုပါ လယ်ယာမြေဧက ၁၅၀ တွင် တောင်သူအသိပညာပေး လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တောင်သူအသိပညာပေး ဆောင်ရွက်ရာတွင် ဇွန် ၁၀ ရက်က ဒေသခံတောင်သူများအား မျိုးစေ့အရည်အသွေး ထိန်းသိမ်းရေးအကြောင်းအရာများ၊ သဘာဝမြေသြဇာသုံးစွဲခြင်း၊ အီးအမ်ဘိုကာရှီ သုံးစွဲနည်းနှင့် မြေဆွေးပုံပြုလုပ်ပုံနည်းများကို တိုင်းဒေသကြီး မျိုးစေ့ထုတ်တာဝန်ခံ ဒေါ်ဆွေဆွေဦး၊ တိုင်းဒေသကြီး မြေအသုံးချမှုရေးတာဝန်ခံ ဒေါ်မြင့်မြင့်မော်နှင့် တာဝန်ရှိသူများက အသိပညာပေး ဆောင်ရွက်ခဲ့ကြပြီး စံပြကွက်စိုက်ပျိုးမည့် တောင်သူများထံသို့လည်း ဆင်းသုခ(RS) မျိုးစေ့အိတ် ၂၀ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများအား ပေးအပ်ခဲ့သည်။

 

ယင်းနောက် တောင်သူများ စပါးစိုက်ပျိုးရာတွင် စက်စွမ်းအားကိုအသုံးပြုကာ စပါးအထွက်နှုန်း တိုးတက်လာစေရန်အတွက် ကောက်စိုက်စက်ကို အသုံးပြု၍ မိုးစပါး စိုက်ပျိုးမှု သရုပ်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)