ထန်းတပင် ဖေဖော်ဝါရီ ၁၂

 

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကုမုဒြာပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို မြို့နယ်ဂုဏ်ပြုရဲတပ်ဖွဲ့နှင့်အတူ အခမ်းအနား တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူက အလေးပြုခဲ့ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက ဖတ်ကြားခဲ့သည်။

 

ထို့နောက် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အမျိုးသား မယ်ဒလင်တီးပြိုင်ပွဲ(ဝါသနာရှင်) ဒုတိယအဆင့်တွင် ပထမဆုနှင့် ၂၀၂၄  ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အမျိုးသားမယ်ဒလင်တီးပြိုင်ပွဲ (ဝါသနာရှင်) ပထမအဆင့်တွင် တတိယဆုရရှိခဲ့သည့် ဦးသောင်းရီအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

 

အခမ်းအနားသို့ တက်ရောက်လာကြသူများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထုတ်ဝေထားသည့် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)