ထန်းတပင်  ၂၈  သြဂုတ်

 

အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မွှေး၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းသင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားများ ပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဒုတိယဦးစီးမှူး ဒေါ်မြတ်မွန်ထွေးက ရပ်ကျေးမဲဆန္ဒရှင်စာရင်း ပြုစုရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်နှင့် ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် မဲစာရင်းများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် လာရောက်ကာ စိစစ်ဆောင်ရွက်ပေးသွားရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

 

သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးတင်အောင်ဆန်း၊ ဦးကျော်ရွှေနှင့် ဦးစောမိုက်ကယ်ကောလင်းတို့က ရပ်ကွက်/ကျေးရွာအုပ်စု (၅၉)အုပ်စုတို့မှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၂၂၈)ဦးတို့ကို အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုခြင်း၊ မဲစာရင်းကြေညာခြင်းနှင့် ပြင်ဆင်ခြင်း၊ မဲရုံများ ကြီးကြပ်ခြင်းနှင့် ဆန္ဒမဲရေတွက်ခြင်းတို့ကို ရှင်းလင်းဆွေးနွေး ပို့ချပေးခဲ့သည်။

 

အဆိုပါ သင်တန်းကို မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့မှ ကြီးမှူး၍ တစ်ရက်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)