ကျောင်းကုန်း ၂၀ ဩဂုတ်
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်းအုပ်စု၊ ကောက်ကြီးကုန်း ကျေးရွာတွင် ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီများ စပါးခင်းအတွင်းသို့ လွှတ်ပေးခြင်းနှင့် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပုသိမ်ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က တောင်သူတွေစိုက်တဲ့ စပါးခင်းထဲ ဥကပ်ပါးနဂျီကို ဘာလို့လွှတ်ရသလဲဆိုရင် စပါးခင်းထဲကို လိပ်ပြာဖလံဖျက်ပိုးတွေ ကျမယ်၊ အဲဒီအခါ ပိုးသတ်ဆေးမသုံးပဲနဲ့ ဥကပ်ပါးနဂျီကို လွှတ်ခြင်းအားဖြင့် အဲဒီဖျက်ပိုးတွေနဲ့ ဥတွေကို စားပေးလိမ့်မယ်၊ သက်ရှိကိုသက်ရှိနဲ့ နှိမ်နင်းတဲ့ (Biological Control)လို့ ခေါ်တဲ့ ဇီဝနည်းပေါ့၊ တောင်သူတွေဟာ မလိုအပ်ဘဲ ပိုးသတ်ဆေးသုံးခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာဖြစ်တဲ့ အစားအသောက်တွေမှာ ပိုးသတ်ဆေးပါဝင်မှုတွေ၊ ပတ်ဝန်းကျင်မှာ ပိုးသတ်ဆေး ပါဝင်ပြီးတော့ မြစ်ချောင်းတွေကနေ ငါးသတ္တဝါတွေကိုထိမယ်၊ အဲဒါတွေ မဖြစ်အောင် ဥကပ်ပါး နဂျီကောင်တွေကို စပါးခင်းထဲ လွှတ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးထင်ကျော်ဦးက ယခုအချိန် မျိုးသန့်ထုတ်စိုက်ခင်းများ ပထမအကြိမ် မျိုးကွဲနှုတ်ပယ်ရန် လိုကြောင်း၊ ပိုးမွှားကင်စင်ပါမှ စပါးအထွက်နှုန်း တိုးတက်လာမှာ ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် တောင်သူများက သိလိုသည်များ မေးမြန်းမှုကို ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး၊ စနစ်တကျ ဖော်ထုတ်ထားသည့် မျိုးသန့်စပါး စိုက်ခင်းထဲသို့ ဥကပ်ပါးနဂျီကောင်များ လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)