နေပြည်တော် ၁၆ ဇူလိုင်
အာဆီယံ နိုင်ငံခေါင်းဆောင်များ၏ (၃၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနှင့် အာဆီယံ ခရီးသွားလုပ်ငန်းများတွင် ကိုဗစ်-၁၉ သက်ရောက်မှုများကို လျော့ပါးသက်သာစေရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် ကျင်းပခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများ၏ ကိုဗစ်-၁၉ ဆိုင်ရာအထူးအစည်းအဝေး၏ လမ်းညွှန်ချက်များအရ ကိုဗစ်-၁၉ အလွန်ကာလတွင် အာဆီယံသို့လာရောက် လည်ပတ်မည့် ခရီးသွားဧည့်သည်များနှင့်ခရီးသွား လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူများ၏ ယုံကြည်မှုကိုမြှင့်တင်ရန်၊ နိုင်ငံအလိုက် Travel Procedure များ တစ်ပြေးညီဖြစ်စေရန်နှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အဖွဲ့ဝင်နိုင်ငံများအတွင်း Travel Corridor/ Bubble ထူထောင်ဆောင်ရွက်သွားရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ Assistant Director Mr. Le Quang Lan က ဦးဆောင်၍ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်သည်။
အာဆီယံ ခေါင်းဆောင်များနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးများ၏ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်ဆောင်ရန် ပဏာမအဆင့်အနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဦးဆောင်၍ ASEAN Framework to facilitate the Travel Bubble Scheme ရေးဆွဲပြုစု သွားမည်ဖြစ်သည်။ ကနဦးအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီ၏ သဘောထားမှတ်ချက်များ ရယူသွားမည်ဖြစ်ရာ ယခုကျင်းပသည့် ညှိနှိုင်းအစည်းအဝေးသည် မြန်မာနိုင်ငံ၏ သီးခြားသဘောထားမှတ်ချက် ရယူသွားရန်အတွက် ကျင်းပခြင်းဖြစ်သည်။
အဆိုပါ Travel Corridor/ Bubble Framework ရေးဆွဲတည်ဆောက်ရာတွင် မိမိတို့ နိုင်ငံအတွင်း ခရီးသွားလာရေးနှင့်ဆက်စပ်သော ကျန်းမာရေး၊ နိုင်ငံခြားရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးစသည့် ဌာနများနှင့် ပြီးပြည့်စုံသော ညှိနှိုင်းပေါင်းစပ်မှု လုပ်ငန်းစဉ် လိုအပ်မည်ဖြစ်ပြီး အပြန်အလှန်သဘောတူလက်ခံသည့် Standard Protocol Procedure များကို အာဆီယံအဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါ၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ မူကြမ်းရေးဆွဲ ပြီးစီးပါက အာဆီယံ Sectoral Body များ ဖြစ်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ သဘောထားမှတ်ချက်များ၊ အကြံပြုချက်များနှင့်အညီ အတည်ပြုဆောင် ရွက်ရန်ဖြစ်ကြောင်း အကြံပြု ဆွေးနွေးသည်။
အဆိုပါ Framework မူကြမ်းအား အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများမှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် လှည့်လည်စာဖြင့် လက်မှတ်ရေးထိုးအတည်ပြုသွားရန် လျာထား ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံအလိုက်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်မှုအပေါ် မူတည်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ အချင်းချင်းအပြင် အာဆီယံပြင်ပနိုင်ငံများ ဖြင့်ပါ Bilateral သော်လည်းကောင်း၊ Multilateral သော်လည်းကောင်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


