တာချီလိတ် ၂၆  ဇူလိုင် 

    
တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့တို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး စာအုပ်စင်နှင့် စာအုပ်များလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် အထက (တာချီလိတ်)၌ ကျင်းပသည်။
    

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ကျောင်းစာကြည့်တိုက်ကို အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။ 


ထို့နောက် တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းရည်က  ၂၀၁၉ ခုနှစ် ဇွန်လ (၂၅၊ ၂၆) ရက်နေ့တွင် တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်း ကျောင်း (တာချီလိတ်)တွင် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်သည့် အထိမ်းအမှတ်နှင့် နောက်ဆက်တွဲအောင်ပွဲအဖြစ် ကျောင်းစာကြည့်တိုက် အဆင့်မြှင့်တင်နိုင်ဖို့ ကျောင်းအကျိုးတော်ဆောင် အဖွဲ့နှင့် တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။ 


ယင်းနောက် ကျောင်းအကျိုးတော်ဆောင် ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်နှင့်  အလှူငွေများလှူဒါန်းကြရာ  မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးချမ်းမြေ့စောက အလှူငွေ ကျပ်တစ်သိန်းကိုလည်းကောင်း၊ တာချီလိတ်မြို့စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးစံသိန်း၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း၊   တာချီလိတ်မြို့နယ် စာကြည့်တိုက်ဖောင်ဒေးရှင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ  စုစုပေါင်း ကျပ်သုံးသိန်းလေးသောင်း တန်ဘိုးရှိ စာအုပ်စာစောင်များကိုလည်းကောင်း၊ ကျောင်းအကျိုး တော်ဆောင်အဖွဲ့က ကျပ်ခြောက်သိန်း တန်ဘိုးရှိ စာအုပ်တင်သံစင်များကိုလည်းကောင်း အသီးသီး လှူဒါန်းခဲ့ကြကြောင်း ခရိုင်(ပြန်/ဆက်)မှ သိရသည်။


MDN

 

1