နေပြည်တော် ၉ သြဂုတ်


နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာ လည်ပတ်လျက်ရှိသည်။


၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၂) ရက်နေ့မှ သြဂုတ်လ(၈) ရက်နေ့အထိ တာချီလိတ်နယ်စပ် ဝင်/ထွက် ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၂၂၇၅၈) ဦးနှင့် တတိယနိုင်ငံသား နိုင်ငံခြားသား ခရီးသွားဧည့်သည် (၃၇၀) ဦး၊  မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် အနေဖြင့် ထိုင်းနိုင်ငံသားအများစု ပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် (၁၃၁) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည်(၁၀၃၇)ဦးရှိကြောင်း သိရှိရသည်။


နေ့ချင်းပြန်ခရီးစဉ်အဖြစ်  တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော်နှင့် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြသည်။


ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီးဘုန်းကြီးကျောင်း၊ သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်၊  ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်းစေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်းကုန်းဘုန်းကြီးကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန်စသည့် အထင်ကရနေရာများသို့ သွားရောက် လည်ပတ်ခဲ့ကြပြီး တာချီလိတ်မြို့မှ လေကြောင်းဖြင့် တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှ တဆင့်  မြန်မာနိုင်ငံ အတွင်းပိုင်းရှိ ခရီးစဉ်များအား ဝင်ရောက်လည်ပတ်ခဲ့ကြသည်။


တာချီလိတ် နယ်စပ်ဝင်ပေါက်မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့မှ သြဂုတ်လ (၈) ရက်နေ့ အထိ  နေ့ချင်းပြန်/ညအိပ် ထိုင်းနိုင်ငံသား (၆၇၈၈၆၁) ဦး၊ တတိယနိုင်ငံသားအများစုပါဝင်သော ခရီးသည် (၈၇၇၄) ဦး၊ လန့်တောင်း နှီးဘုရားနေ့ချင်းပြန်ခရီးစဉ်သို့ ထိုင်းနိုင်ငံသား (၂၄၅) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ စုစုပေါင်းဧည့်သည်(၇၅၇၀)ဦး၊ ဗီဇာ(ဗီဇာကင်းလွတ်ခွင့်) ဖြင့် ပြည်တွင်းသို့ ဝင်ရောက် လည်ပတ်သည့် ခရီးသည် (၄၀ဝ၈၈) ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဌာနမှ သိရှိရပါကြောင်း သတင်းရရှိသည်။


MDN