တာချီလိတ် ၁၄ ဇူလိုင်

 


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မီးလင်းရေးကော်မတီက ငွေကျပ် ၁၉၂၅၀ဝ၀ဝ ခန့်တန်ဖိုးရှိ ခြင်ဆေးဖျန်းစက် ခုနစ်လုံးအား ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီသို့ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်က ဆန်ဆိုင်းအခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 


ရှေးဦးစွာ မြို့မီးလင်းရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်  ဖြစ်ပွားပါက ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လှူဒါန်းခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ကျေးဇူးတင်စကားပြောကြားကာ မြို့နယ်ကျန်းမာရေးမှူး ဦးအောင်ဝင်းကြည်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်အကြောင်း အသိပညာပေးဟောပြောသည်။

 


ယင်းနောက် ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ခြင်ဆေးဖျန်းစက်ငါးလုံး၊ ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီသို့  ခြင်ဆေးဖျန်းစက် နှစ်လုံး စုစုပေါင်းခုနှစ်လုံးအား တာဝန်ရှိသူများက လှူဒါန်းပေးအပ်လှူဒါန်းသည်။ လှူဒါန်းပွဲအပြီးတွင် ကျောင်းဝင်းအတွင်း ခြင်ဆေးဖြန်းခြင်း၊ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးနှင့် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ကြသည်။

 


အဆိုပါ ခြင်ဆေးဖျန်းစက်လှူဒါန်းပွဲနှင့် ကျောင်းဝင်းအတွင်း ခြင်ဆေးဖျန်းခြင်းတို့အား  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ မြို့မီးလင်းရေးကော်မတီဝင်များ၊ ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ  တက်ရောက်ကြောင်း သိရသည်။

 


ဝေယံလင်း(ပြန်/ဆက်)