တာချီလိတ် ၄ စက်တင်ဘာ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့အဝင် လမ်းဆုံနေရာ၌ ပြည်သူများ ညအချိန် ဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် မီးဆိုင်းကြီးများ တပ်ဆင်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သိန်းပေါင်း(၂၆၀ဝ)ဖြင့် ဆောင်ရွက် လျှက်ရှိသော Free Way လမ်းဖော်ဆောင်ခြင်း၊ လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းခြင်း၊ လမ်းလယ်ကျွန်းတွင် မြက်ခင်းနှင့်ပန်းအလှစိုက်ခြင်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် ဆက်လက်၍ ပြည်သူများညအချိန်ဘေးအန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် မီးဆိုင်းကြီးတပ်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အမြင့်ပေ(၄၀)ခန့် တန်ဖိုးငွေ ကျပ်သိန်း(၃၀ဝ)ကျော်ရှိ မီးလုံးကြီး ရှစ်လုံးပါသော အဆိုပါ မီးဆိုင်းကြီးကို ခရိုင်စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွန်မှုနှင့် စည်ပင်သာယာရေး ကော်မတီ၏ ပူးပေါင်းပါဝင်မှုဖြင့် တာချီလိတ်မြို့ မီးလင်းရေးအဖွဲ့နှင့် အဖွဲ့ခွဲတို့မှ တာဝန်ယူ တပ်ဆင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယာဆေး (ပြန်/ဆက်)


