တာချီလိတ်  ၂၇  ဇူလိုင် 


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ တည်ထောင်ဖွင့်လှစ်ထားသော “နေ့သစ်” စာကြည့်တိုက်သို့ မကာဟိုခမ်းရပ်ကွက်နေ ဒေါ်ထားထားမှ ဇူလိုင် ၂၆ ရက် ညနေပိုင်းက သုတ/ရသစာအုပ်ပေါင်း ၃၃၆၁ အုပ် လာရောက်လှူဒါန်းရာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဒုတိယရဲမှူးစံသိန်း (မောင်ဖိုးစံ-ဒူးယား)၊ အတွင်းရေးမှူး ဦးမောင်မောင်နိုင်(နိုင်မောင်မောင်)နှင့် အဖွဲ့ဝင်များက လက်ခံရယူသည်။


တာချီလိတ်မြို့တွင် နှစ်ပေါင်း ၄၂ နှစ်ကြာ “ပြာလောင်” စာအုပ်အငှားဆိုင်ဖွင့်လှစ်ခဲ့သူ ဒေါ်ထားထားက ယခုအခါ စာအုပ်အငှားဆိုင်ပိတ်သိမ်းပြီးသော်လည်း စာအုပ်စာပေ ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်သည်နှင့်အညီ စာအုပ်များကို စနစ်တကျထိန်းသိမ်းထားခဲ့ကြောင်း၊ တန်ဖိုးရှိသည့်စာအုပ်များ မပျောက်ပျက်အောင် ထိန်းသိမ်းထားမည့် စာကြည့်တိုက်တစ်ခုတွင်လှူဒါန်းပြီး ပြည်သူအများ လာရောက်ဖတ်ရှု ငှားရမ်းနိုင်ရန်အတွက် ယခုကဲ့သို့ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းစာကြည့်တိုက်သို့ လာရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း၊ ယခင်ကလည်း ကျောင်းစာကြည့်တိုက်များ၊ ကျေးရွာများသို့လည်း စာအုပ်များလှူဒါန်းခဲ့ကြောင်းစသည့် စာအုပ်လှူဒါန်းရခြင်းများကို ပြောပြသည်။


တာချီလိတ်မြို့နယ် စာရေးဆရာအသင်း “နေ့သစ်” စာကြည့်တိုက်ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုလှူဒါန်းရရှိသည့်စာအုပ်အပါအဝင် စာအုပ်ပေါင်း ၁၀ဝ၀ဝ ကျော်ရှိပြီး ပြည်သူများအား အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း