တာချီလိတ် ၂၇ ဩဂုတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ခရိုင်ပြည်သူ့ဆေးရုံဟောင်းဝင်းတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆုံဆို့နာရောဂါ ကာကွယ်ဆေး ဖြည့်စွက်ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ဆွေးနွေးမှုများကို ယမန်နေ့က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာခင်အောင်က အမှာစကားပြောကြားခဲ့ပြီး ကေလးအထူးကုဆရာဝန်မှ ဆုံဆို့ရောဂါနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ တာချီလိတ်မြို့တွင် လတ်တစ်လောအချိန်ထိ ဆုံဆို့နာရောဂါ ကူးစက်ခံရသူ ၄၅ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူခြောက်ဦးရှိကြောင်း၊ ကာကွယ်ဆေးများထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီမှ စတင်ထိုးနှံပေးသွားမည်ဖြစ်ပြီး ခရိုင်အတွင်းရှိ မြို့နယ်များနှင့် ရပ်ကွက်/ကျေးရွာများတွင် တစ်ချိန်တည်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် လူစုလူဝေးဖြစ်စေခြင်းမှ ရှောင်ရှားနိုင်ရန် အစုအဖွဲ့(၄၂)စု ဖွဲ့စည်းဆောင်ရွက်သွားရန်နှင့် အသက် ၁၅ နှစ်အောက် ကလေး(၁၂၀၀၀)ကျော်ကို ထိုးနှံ့ပေးသွားမည် ဖြစ်သည်။
အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်ကလေးစောင့်ရှောက်ရေးအသင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်း အဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ယာဆေး(ပြန်/ဆက်)


