တာချီလိတ် ၂၂ ဇွန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကလေးစာပေ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ နာယက ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက အဖွင့်အမှာ စကားပြောကြားပြီး ရှမ်းပြည်နယ် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က တာချီလိတ်ကလေးစာပေပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်း၍  အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူများ၊ ပြည်နယ်ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူတို့က တာချီလိတ်မြို့တွင် ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းများကိုလည်းကောင်း၊ ကျန်းမာရေး လုပ်ငန်း ဆောင်ရွက်မည့် အချက်များကိုလည်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုလည်းကောင်း၊ လုံခြုံရေးလုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း ဆောင်ရွက်မည့် အခြေအနေများကို ကော်မတီအလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ပွဲတော်ကျင်းပရေးဦးစီး ကော်မတီနာယကနှင့် ကော်မတီဝင်များ၊ လွှတ်တော်ကိုယ် စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာ အသင်းဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များက ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့တွင် ပထမအကြိမ်အဖြစ် ကျင်းပမည့် ကလေးစာပေပွဲတော်ကို ဇွန်  ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် မကာဟိုခမ်းရှိ အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး အဆိုပါ ပွဲတော်တွင် နိုင်ငံတစ်ဝန်းက ကျင်းပပြီးစီးခဲ့သော ကလေးစာပေပွဲတော်များမှ စာပေဆိုင်ရာပြိုင်ပွဲများနှင့် လှုပ်ရှားမှုများ၊ အားကစား၊ ဖျော်ဖြေရေးအစီအစဉ်များအပြင် ဒေသခံ တိုင်းရင်းသားများ၏ စာပေဆိုင်ရာများ နှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ ဖျော်ဖြေမှုများကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)